ရှင်​မဿဲ​ခ​ရစ်​ဝင် 13:1-19 Myanmar Standard Bible (MSB)

1. ထို​နေ့​၌​ပင် ယေ​ရှု​သည် အိမ်​မှ​ထွက်​၍ ပင်​လယ်​ကမ်း​နား​တွင် ထိုင်​တော်​မူ​လျှင်

2. များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် အ​ထံ​တော်​သို့​စု​ဝေး​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​၍ ထိုင်​တော်​မူ​၏။ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​မူ​ကား ကမ်း​ပေါ်​တွင် ရပ်​နေ​ကြ​၏။

3. ထို​အ​ခါ ကိုယ်​တော်​သည် များ​စွာ​သော​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​များ​ဖြင့် သူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “နား​ထောင်​ကြ​လော့။ မျိုး​ကြဲ​သော​သူ​သည် မျိုး​ကြဲ​ရန် ထွက်​သွား​လေ​၏။

4. ထို​သူ​မျိုး​ကြဲ​စဉ်​တွင် အ​ချို့​သော​မျိုး​စေ့​တို့​သည် လမ်း​ဘေး​တွင်​ကျ​သ​ဖြင့် ငှက်​တို့​သည်​လာ​၍ ၎င်း​တို့​ကို ကောက်​စား​ကြ​၏။

5. အ​ချို့​တို့​မူ​ကား မြေ​နည်း​၍ ကျောက်​ပေါ​သော​နေ​ရာ​တွင်​ကျ​သ​ဖြင့် မြေ​သား​ပါး​သော​ကြောင့် ချက်​ချင်း​အ​ပင်​ပေါက်​လာ​၏။

6. သို့​သော် နေ​ထွက်​လာ​၍ နေ​လောင်​ဒဏ်​ခံ​ရ​သော​အ​ခါ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

7. အ​ချို့​တို့​မူ​ကား ဆူး​ပင်​တို့​တွင်​ကျ​သ​ဖြင့် ဆူး​ပင်​တို့​ကြီး​ထွား​လာ​၍ ၎င်း​တို့​ကို ကာ​ဆီး​ပိတ်​ဆို့​ကြ​၏။

8. အ​ချို့​တို့​မူ​ကား ကောင်း​သော​မြေ​၌​ကျ​သ​ဖြင့် အ​ချို့​သည် အ​ဆ​တစ်​ရာ၊ အ​ချို့​သည် အ​ဆ​ခြောက်​ဆယ်၊ အ​ချို့​သည် အ​ဆ​သုံး​ဆယ် အ​သီး​သီး​လေ​၏။

9. နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

10. ထို့​နောက် တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်​လာ​၍ “ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် သူ​တို့​အား ပုံ​ဥ​ပ​မာ​များ​ဖြင့် မြွက်​ဆို​တော်​မူ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

11. ကိုယ်​တော်​က​လည်း “သင်​တို့​အား ကောင်း​ကင်​နိုင်​ငံ​တော်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို သိ​ခွင့်​ပေး​ထား​သော်​လည်း သူ​တို့​ကို​မူ​ကား သိ​ခွင့်​မ​ပေး​ထား​သော​ကြောင့်​ဖြစ်​၏။

12. အ​ကြောင်း​မှာ ရှိ​သော​သူ​အား ထပ်​၍​ပေး​သ​ဖြင့် သူ​သည် ကြွယ်​ဝ​ပြည့်​စုံ​လိမ့်​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သော​အ​ရာ​ပင် သူ့​ထံ​မှ သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်။

13. ဤ​အ​ကြောင်း​ကြောင့် ငါ​သည် သူ​တို့​အား ပုံ​ဥ​ပ​မာ​များ​ဖြင့်​မြွက်​ဆို​ရ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည် မြင်​လျက်​ပင်​မ​မြင်၊ ကြား​လျက်​ပင်​မ​ကြား၊ နား​လည်း​မ​လည်​ကြ​သော​ကြောင့်​ဖြစ်​၏။

14. ဤ​သို့​ဖြင့် ဟေ​ရှာ​ယ​၏​ပ​ရော​ဖက်​ပြု​ဟော​ပြော​ချက်​သည် သူ​တို့​၌ ပြည့်​စုံ​ခြင်း​သို့​ရောက်​လေ​၏။ ဟော​ပြော​ချက်​ကား ‘သင်​တို့​သည် ကြား​လျက်​ပင် လုံး​ဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် လုံး​ဝ​သ​တိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်​မည်။

15. အ​ကြောင်း​မူ​ကား ဤ​လူ​တို့​၏​စိတ်​နှ​လုံး​သည် ထုံ​ထိုင်း​လျက် နား​သည်​လည်း လေး​လျက် မျက်​စိ​သည်​လည်း ပိတ်​လျက်​ရှိ​ကြ​၏။ သို့​မ​ဟုတ်​လျှင် သူ​တို့​သည် မျက်​စိ​ဖြင့်​မြင်​၍ နား​ဖြင့်​ကြား​လျက် စိတ်​နှ​လုံး​ဖြင့်​နား​လည်​ကာ ပြောင်း​လဲ​ကြ​သ​ဖြင့် ငါ​သည် သူ​တို့​ကို​ကျန်း​မာ​စေ​ရ​မည်’​ဟူ​၍​ဖြစ်​၏။

16. သို့​သော် သင်​တို့​၏​မျက်​စိ​သည်​မြင်​၍ သင်​တို့​၏​နား​သည်​လည်း ကြား​သော​ကြောင့် မင်္ဂ​လာ​ရှိ​၏။

17. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား များ​စွာ​သော​ပ​ရော​ဖက်​တို့​နှင့် ဖြောင့်​မတ်​သော​သူ​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အ​ရာ​တို့​ကို အ​လွန်​မြင်​လို​ကြ​သော်​လည်း မ​မြင်​ခဲ့​ကြ​ရ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အ​ရာ​တို့​ကို အ​လွန်​ကြား​လို​ကြ​သော်​လည်း မ​ကြား​ခဲ့​ကြ​ရ​ပေ။

18. ထို့​ကြောင့် မျိုး​ကြဲ​သော​သူ​၏​ပုံ​ဥ​ပ​မာ​ကို သင်​တို့​နား​ထောင်​ကြ​လော့။

19. မည်​သူ​မ​ဆို နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​တ​ရား​စ​ကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်​နတ်​သည်​လာ​၍ သူ​၏​စိတ်​နှ​လုံး​ထဲ​၌​ကြဲ​ထား​သော​အ​ရာ​ကို လု​ယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ ထို​သို့​သော​သူ​ကို​ဆို​လို​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 13