1. ထိုနေ့၌ပင် ယေရှုသည် အိမ်မှထွက်၍ ပင်လယ်ကမ်းနားတွင် ထိုင်တော်မူလျှင်
2. များစွာသောလူထုပရိသတ်တို့သည် အထံတော်သို့စုဝေးလာကြသဖြင့် ကိုယ်တော်သည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်အပေါင်းတို့မူကား ကမ်းပေါ်တွင် ရပ်နေကြ၏။
3. ထိုအခါ ကိုယ်တော်သည် များစွာသောအရာတို့ကို ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ “နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန် ထွက်သွားလေ၏။
4. ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့တို့သည် လမ်းဘေးတွင်ကျသဖြင့် ငှက်တို့သည်လာ၍ ၎င်းတို့ကို ကောက်စားကြ၏။
5. အချို့တို့မူကား မြေနည်း၍ ကျောက်ပေါသောနေရာတွင်ကျသဖြင့် မြေသားပါးသောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။
6. သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
7. အချို့တို့မူကား ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ၍ ၎င်းတို့ကို ကာဆီးပိတ်ဆို့ကြ၏။
8. အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် အသီးသီးလေ၏။
9. နားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။
10. ထို့နောက် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် အဘယ်ကြောင့် သူတို့အား ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသနည်း”ဟု မေးလျှောက်ကြ၏။
11. ကိုယ်တော်ကလည်း “သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
12. အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးသဖြင့် သူသည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူမူကား သူ၌ရှိသောအရာပင် သူ့ထံမှ သိမ်းယူခြင်းခံရလိမ့်မည်။