9. ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်တော်မူ၏။
10. ထိုနေရာ၌ လက်တစ်ဖက်သေသောသူတစ်ဦးရှိ၍ သူတို့သည် ကိုယ်တော်ကိုစွပ်စွဲနိုင်ရန်အတွက် “ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
11. ကိုယ်တော်ကလည်း “သင်တို့ထဲမှတစ်စုံတစ်ဦးတွင် သိုးတစ်ကောင်ရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျခဲ့လျှင် သူသည် ၎င်းကိုမဆွဲတင်ဘဲနေမည်လော။
12. လူသည် သိုးထက် များစွာအဖိုးထိုက်၏။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုခြင်းသည် တရားတော်နှင့်ညီ၏”ဟု မိန့်တော်မူ၏။
13. ထို့နောက် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ အခြားတစ်ဖက်ကဲ့သို့ အကောင်းပကတိဖြစ်လျက် သန်စွမ်းလေ၏။
14. ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင်ဆွေးနွေးကြ၏။
15. ယေရှုသည် ဤအကြောင်းကိုသိ၍ ထိုအရပ်မှ ထွက်ခွာသွားတော်မူရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြသဖြင့် သူတို့အားလုံးကို ကျန်းမာစေတော်မူပြီးလျှင်
16. မိမိအကြောင်းကို သိသာထင်ရှားအောင်မပြုရန် သူတို့ကိုသတိပေးတော်မူ၏။
17. ဤသည်ကား ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ မိန့်တော်မူချက်မှာ
18. “ကြည့်ရှုလော့။ ဤသူကား ငါရွေးကောက်သော ငါ၏အမှုဆောင်၊ ငါ၏စိတ်ဝိညာဉ်နှစ်သက်သည့် ငါချစ်သောသူပေတည်း။ ငါသည် သူ့အပေါ်၌ ငါ၏ဝိညာဉ်ကိုတည်စေသဖြင့် သူသည် လူမျိုးတကာတို့အား တရားမျှတမှုကို ကြေညာလိမ့်မည်။
19. သူသည် ငြင်းခုံခြင်းနှင့်အော်ဟစ်ခြင်းကိုပြုမည်မဟုတ်။ သူ၏အသံကိုလည်း လမ်းမပေါ်၌ မည်သူမျှ ကြားရမည်မဟုတ်။
20. တရားမျှတမှုကို အောင်မြင်ခြင်းသို့ပို့ဆောင်သည်အထိ သူသည် ကြေနေသောကျူပင်ကိုချိုးမည်မဟုတ်။ တငွေ့ငွေ့လောင်နေသောမီးစာကိုလည်း ငြိမ်းသတ်မည်မဟုတ်။
21. လူမျိုးခြားတို့သည် သူ၏နာမ၌ မျှော်လင့်အားထားကြလိမ့်မည်”ဟူ၍ ဖြစ်၏။
22. ထို့နောက် လူတို့သည် နတ်ဆိုးပူးသည့် မျက်မမြင်ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူကိုကျန်းမာစေတော်မူသဖြင့် ထိုဆွံ့အသောသူသည် စကားပြောနိုင်ပြီး မျက်စိလည်းမြင်လာ၏။
23. ထိုအခါ လူထုပရိသတ်အပေါင်းတို့သည် အံ့ဩငေးမော၍ “ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လေမည်လော”ဟု ပြောဆိုကြ၏။