38. ထို့နောက် အချို့သောကျမ်းပြုဆရာများနှင့်ဖာရိရှဲတို့က “ဆရာ၊ အကျွန်ုပ်တို့သည် ဆရာ့ထံမှနိမိတ်လက္ခဏာကို တွေ့မြင်လိုပါသည်”ဟု ကိုယ်တော်အားလျှောက်ကြ၏။
39. ကိုယ်တော်ကလည်း “ဆိုးညစ်၍ ဖောက်ပြန်သောမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ သူတို့အား ပြလိမ့်မည်မဟုတ်။
40. အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
41. တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက် ကြီးမြတ်သောသူရှိ၏။
42. တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကို နားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက် ကြီးမြတ်သောသူရှိ၏။
43. ညစ်ညူးသောနတ်သည် လူထဲမှထွက်သွားသည့်အခါ ခြောက်သွေ့သောအရပ်ဒေသများသို့ လျှောက်သွားကာ ခိုနားရာကိုရှာတတ်၏။ သို့သော် ရှာ၍မတွေ့သဖြင့်
44. ‘ငါထွက်လာခဲ့သော ငါ့အိမ်သို့ပြန်မည်’ဟု ဆိုလျက် ပြန်လာရာ ထိုနေရာမှာ လစ်လပ်နေပြီး လှဲကျင်း၍ သပ်ရပ်စွာပြင်ဆင်ထားသည်ကိုတွေ့လေ၏။
45. ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကို မိမိနှင့်အတူခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏။ ဆိုးညစ်သောဤမျိုးဆက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
46. ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူစဉ် ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်၌ ရပ်နေကြ၏။
47. ထိုအခါ လူတစ်ဦးက “ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်၌ ရပ်နေကြပါသည်”ဟု လျှောက်လေ၏။
48. ကိုယ်တော်ကလည်း “မည်သူသည် ငါ့အမိဖြစ်ပြီး မည်သူတို့သည် ငါ့ညီများဖြစ်ကြသနည်း”ဟု မိမိထံလျှောက်ထားသောသူကို ပြန်၍မိန့်တော်မူ၏။