ရှင်​မဿဲ​ခ​ရစ်​ဝင် 12:33-44 Myanmar Standard Bible (MSB)

33. အ​ပင်​ကို အ​သီး​အား​ဖြင့် သိ​ရ​သည်​ဖြစ်​၍ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု​မှတ်​ယူ​ကြ​လော့။ သို့​မ​ဟုတ် အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု မှတ်​ယူ​ကြ​လော့။

34. မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် မ​ကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက် ကောင်း​သော​အ​ရာ​ကို မည်​သို့​ပြော​ဆို​နိုင်​မည်​နည်း။ အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​ကို နှုတ်​က​ပြော​ဆို​တတ်​၏။

35. ကောင်း​သော​သူ​သည် ကောင်း​သော​အ​ရာ​များ​ကို ကောင်း​သော​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ မ​ကောင်း​သော​သူ​သည်​လည်း မ​ကောင်း​သော​အ​ရာ​များ​ကို မ​ကောင်း​သော​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။

36. သင်​တို့​အား ငါ​ဆို​သည်​ကား လူ​တို့​သည် မိ​မိ​တို့​ပြော​ဆို​သည့် အ​ကျိုး​မ​ရှိ​သော​စ​ကား​အား​လုံး​အ​တွက် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဖြေ​ရှင်း​ချက်​ပေး​ရ​ကြ​မည်။

37. အ​ကြောင်း​မူ​ကား သင်​ပြော​သော​စ​ကား​များ​အား​ဖြင့် သင်​သည် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​လိမ့်​မည်။ သို့​မ​ဟုတ် သင်​ပြော​သော​စ​ကား​များ​အား​ဖြင့် အ​ပြစ်​ရှိ​သည်​ဟု သတ်​မှတ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

38. ထို့​နောက် အ​ချို့​သော​ကျမ်း​ပြု​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​က “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​သည် ဆ​ရာ့​ထံ​မှ​နိ​မိတ်​လက္ခ​ဏာ​ကို တွေ့​မြင်​လို​ပါ​သည်”​ဟု ကိုယ်​တော်​အား​လျှောက်​ကြ​၏။

39. ကိုယ်​တော်​က​လည်း “ဆိုး​ညစ်​၍ ဖောက်​ပြန်​သော​မျိုး​ဆက်​သည် နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​သော်​လည်း ပ​ရော​ဖက်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ သူ​တို့​အား ပြ​လိမ့်​မည်​မ​ဟုတ်။

40. အ​ကြောင်း​မူ​ကား ယော​န​သည် ငါး​ကြီး​ဝမ်း​ထဲ​၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ခဲ့​ရ​သ​ကဲ့​သို့ လူ့​သား​သည်​လည်း မြေ​ကြီး​အ​တွင်း​၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ရ​လိမ့်​မည်။

41. တ​ရား​စီ​ရင်​တော်​မူ​သည့်​အ​ခါ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​မျိုး​ဆက်​နှင့်​အ​တူ​ထ​မြောက်​လျက် ဤ​မျိုး​ဆက်​၏​အ​ပြစ်​ကို ထင်​ရှား​စေ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ယော​န​၏​ဟော​ပြော​ချက်​ကြောင့် နောင်​တ​ရ​ကြ​၏။ ကြည့်​ရှု​လော့။ ဤ​အ​ရပ်​၌ ယော​န​ထက် ကြီး​မြတ်​သော​သူ​ရှိ​၏။

42. တ​ရား​စီ​ရင်​တော်​မူ​သည့်​အ​ခါ တောင်​အ​ရပ်​မှ​ဘု​ရင်​မ​သည် ဤ​မျိုး​ဆက်​နှင့်​အ​တူ​ထ​မြောက်​လျက် ဤ​မျိုး​ဆက်​၏​အ​ပြစ်​ကို ထင်​ရှား​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​သည် ရှော​လ​မုန်​၏​ဉာဏ်​ပ​ညာ​စ​ကား​ကို နား​ထောင်​ရန် မြေ​ကြီး​အ​စွန်​အ​ဖျား​မှ​လာ​၏။ ကြည့်​ရှု​လော့။ ဤ​အ​ရပ်​၌ ရှော​လ​မုန်​ထက် ကြီး​မြတ်​သော​သူ​ရှိ​၏။

43. ညစ်​ညူး​သော​နတ်​သည် လူ​ထဲ​မှ​ထွက်​သွား​သည့်​အ​ခါ ခြောက်​သွေ့​သော​အ​ရပ်​ဒေ​သ​များ​သို့ လျှောက်​သွား​ကာ ခို​နား​ရာ​ကို​ရှာ​တတ်​၏။ သို့​သော် ရှာ​၍​မ​တွေ့​သ​ဖြင့်

44. ‘ငါ​ထွက်​လာ​ခဲ့​သော ငါ့​အိမ်​သို့​ပြန်​မည်’​ဟု ဆို​လျက် ပြန်​လာ​ရာ ထို​နေ​ရာ​မှာ လစ်​လပ်​နေ​ပြီး လှဲ​ကျင်း​၍ သပ်​ရပ်​စွာ​ပြင်​ဆင်​ထား​သည်​ကို​တွေ့​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 12