3. ကိုယ်တော်ကလည်း “ဒါဝိဒ်သည် သူမှစ၍ သူနှင့်အတူရှိသောသူတို့ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
4. သူသည် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး သူကိုယ်တိုင်ရော သူနှင့်အတူရှိသောသူတို့ပါ စားခွင့်မရှိသောရှေ့တော်မုန့်ကို စားခဲ့ကြ၏။
5. ထို့ပြင် ဥပုသ်နေ့တွင် ဗိမာန်တော်၌ရှိသော ယဇ်ပုရောဟိတ်များသည် ဥပုသ်နေ့ဆိုင်ရာပညတ်ချက်ကိုချိုးဖောက်ကြသော်လည်း အပြစ်မရှိကြောင်း ပညတ်တရားကျမ်း၌ မဖတ်ဖူးကြသလော။
6. သင်တို့အား ငါဆိုသည်ကား ဗိမာန်တော်ထက်ကြီးမြတ်သောသူသည် ဤနေရာ၌ရှိ၏။
7. ‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သင်တို့သိခဲ့လျှင် အပြစ်မရှိသောသူတို့ကို ပြစ်တင်ရှုတ်ချခဲ့ကြလိမ့်မည်မဟုတ်။
8. အကြောင်းမူကား လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏”ဟု မိန့်တော်မူ၏။
9. ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်တော်မူ၏။
10. ထိုနေရာ၌ လက်တစ်ဖက်သေသောသူတစ်ဦးရှိ၍ သူတို့သည် ကိုယ်တော်ကိုစွပ်စွဲနိုင်ရန်အတွက် “ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
11. ကိုယ်တော်ကလည်း “သင်တို့ထဲမှတစ်စုံတစ်ဦးတွင် သိုးတစ်ကောင်ရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျခဲ့လျှင် သူသည် ၎င်းကိုမဆွဲတင်ဘဲနေမည်လော။
12. လူသည် သိုးထက် များစွာအဖိုးထိုက်၏။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုခြင်းသည် တရားတော်နှင့်ညီ၏”ဟု မိန့်တော်မူ၏။
13. ထို့နောက် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ အခြားတစ်ဖက်ကဲ့သို့ အကောင်းပကတိဖြစ်လျက် သန်စွမ်းလေ၏။
14. ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင်ဆွေးနွေးကြ၏။