28. သို့ရာတွင် ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
29. ခွန်အားကြီးသောသူကို ဦးစွာမချည်နှောင်လျှင် သူ့အိမ်သို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မည်သို့လုယူနိုင်မည်နည်း။ ချည်နှောင်ပြီးမှသာ သူ၏အိမ်ကို ဖောက်ထွင်းလုယူနိုင်လိမ့်မည်။
30. ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
31. ထို့ကြောင့် သင်တို့အားငါဆိုသည်ကား လူတို့သည် ဘုရားသခင်ကိုစော်ကားပြောဆိုခြင်းနှင့် အပြစ်ဟူသမျှတို့အတွက် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း ဝိညာဉ်တော်ကို စော်ကားပြောဆိုခြင်းအတွက်မူကား ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။
32. လူ့သားအပေါ် ဆန့်ကျင်သည့်စကားကိုပြောဆိုသောသူသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ပြောဆိုသောသူသည် ယခုဘဝ၌ဖြစ်စေ၊ နောင်ဘဝ၌ဖြစ်စေ ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။
33. အပင်ကို အသီးအားဖြင့် သိရသည်ဖြစ်၍ အသီးကောင်းလျှင် အပင်ကောင်းသည်ဟုမှတ်ယူကြလော့။ သို့မဟုတ် အသီးမကောင်းလျှင် အပင်မကောင်းဟု မှတ်ယူကြလော့။
34. မြွေဆိုးအမျိုးတို့၊ သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက် ကောင်းသောအရာကို မည်သို့ပြောဆိုနိုင်မည်နည်း။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။
35. ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။
36. သင်တို့အား ငါဆိုသည်ကား လူတို့သည် မိမိတို့ပြောဆိုသည့် အကျိုးမရှိသောစကားအားလုံးအတွက် တရားစီရင်တော်မူရာနေ့၌ ဖြေရှင်းချက်ပေးရကြမည်။
37. အကြောင်းမူကား သင်ပြောသောစကားများအားဖြင့် သင်သည် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလိမ့်မည်။ သို့မဟုတ် သင်ပြောသောစကားများအားဖြင့် အပြစ်ရှိသည်ဟု သတ်မှတ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
38. ထို့နောက် အချို့သောကျမ်းပြုဆရာများနှင့်ဖာရိရှဲတို့က “ဆရာ၊ အကျွန်ုပ်တို့သည် ဆရာ့ထံမှနိမိတ်လက္ခဏာကို တွေ့မြင်လိုပါသည်”ဟု ကိုယ်တော်အားလျှောက်ကြ၏။
39. ကိုယ်တော်ကလည်း “ဆိုးညစ်၍ ဖောက်ပြန်သောမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ သူတို့အား ပြလိမ့်မည်မဟုတ်။
40. အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
41. တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက် ကြီးမြတ်သောသူရှိ၏။
42. တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကို နားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက် ကြီးမြတ်သောသူရှိ၏။