ရှင်​မဿဲ​ခ​ရစ်​ဝင် 12:23-39 Myanmar Standard Bible (MSB)

23. ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အံ့​ဩ​ငေး​မော​၍ “ဤ​သူ​သည် ဒါ​ဝိဒ်​၏​သား​တော်​ဖြစ်​လေ​မည်​လော”​ဟု ပြော​ဆို​ကြ​၏။

24. ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​နေ​ခြင်း​သာ​ဖြစ်​သည်”​ဟု ပြော​ဆို​ကြ​၏။

25. သို့​သော် ယေ​ရှု​သည် သူ​တို့​၏​စဉ်း​စား​ဆင်​ခြင်​မှု​များ​ကို သိ​မြင်​တော်​မူ​သ​ဖြင့် “မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​နိုင်​ငံ​တိုင်း​သည် လုံး​လုံး​ပျက်​စီး​သွား​၍ မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​မြို့ သို့​မ​ဟုတ် အိမ်​ထောင်​စု​တိုင်း​သည်​လည်း တည်​မြဲ​မည်​မ​ဟုတ်။

26. စာ​တန်​သည် စာ​တန်​ကို​နှင်​ထုတ်​လျှင် မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​၏။ သို့​ဖြစ်​လျှင် သူ​၏​နိုင်​ငံ​သည် မည်​သို့​တည်​မြဲ​မည်​နည်း။

27. ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဆို​လျှင် သင်​တို့​၏​သား​များ​သည် မည်​သူ့​ကို​အ​မှီ​ပြု​၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို့​ကြောင့် သူ​တို့​သည် သင်​တို့​ကို​တ​ရား​စီ​ရင်​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။

28. သို့​ရာ​တွင် ငါ​သည် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဆို​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​ထံ​ရောက်​ရှိ​လေ​ပြီ။

29. ခွန်​အား​ကြီး​သော​သူ​ကို ဦး​စွာ​မ​ချည်​နှောင်​လျှင် သူ့​အိမ်​သို့​ဝင်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို မည်​သို့​လု​ယူ​နိုင်​မည်​နည်း။ ချည်​နှောင်​ပြီး​မှ​သာ သူ​၏​အိမ်​ကို ဖောက်​ထွင်း​လု​ယူ​နိုင်​လိမ့်​မည်။

30. ငါ့​ဘက်​၌​မ​နေ​သော​သူ​သည် ငါ့​ကို​ဆန့်​ကျင်​သော​သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သော​သူ​သည် တစ်​ကွဲ​တစ်​ပြား​ဖြစ်​စေ​သော​သူ​ဖြစ်​၏။

31. ထို့​ကြောင့် သင်​တို့​အား​ငါ​ဆို​သည်​ကား လူ​တို့​သည် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​ခြင်း​နှင့် အ​ပြစ်​ဟူ​သ​မျှ​တို့​အ​တွက် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း ဝိ​ညာဉ်​တော်​ကို စော်​ကား​ပြော​ဆို​ခြင်း​အ​တွက်​မူ​ကား ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

32. လူ့​သား​အ​ပေါ် ဆန့်​ကျင်​သည့်​စ​ကား​ကို​ပြော​ဆို​သော​သူ​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ဆန့်​ကျင်​ပြော​ဆို​သော​သူ​သည် ယ​ခု​ဘ​ဝ​၌​ဖြစ်​စေ၊ နောင်​ဘ​ဝ​၌​ဖြစ်​စေ ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

33. အ​ပင်​ကို အ​သီး​အား​ဖြင့် သိ​ရ​သည်​ဖြစ်​၍ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု​မှတ်​ယူ​ကြ​လော့။ သို့​မ​ဟုတ် အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု မှတ်​ယူ​ကြ​လော့။

34. မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် မ​ကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက် ကောင်း​သော​အ​ရာ​ကို မည်​သို့​ပြော​ဆို​နိုင်​မည်​နည်း။ အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​ကို နှုတ်​က​ပြော​ဆို​တတ်​၏။

35. ကောင်း​သော​သူ​သည် ကောင်း​သော​အ​ရာ​များ​ကို ကောင်း​သော​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ မ​ကောင်း​သော​သူ​သည်​လည်း မ​ကောင်း​သော​အ​ရာ​များ​ကို မ​ကောင်း​သော​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။

36. သင်​တို့​အား ငါ​ဆို​သည်​ကား လူ​တို့​သည် မိ​မိ​တို့​ပြော​ဆို​သည့် အ​ကျိုး​မ​ရှိ​သော​စ​ကား​အား​လုံး​အ​တွက် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဖြေ​ရှင်း​ချက်​ပေး​ရ​ကြ​မည်။

37. အ​ကြောင်း​မူ​ကား သင်​ပြော​သော​စ​ကား​များ​အား​ဖြင့် သင်​သည် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​လိမ့်​မည်။ သို့​မ​ဟုတ် သင်​ပြော​သော​စ​ကား​များ​အား​ဖြင့် အ​ပြစ်​ရှိ​သည်​ဟု သတ်​မှတ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

38. ထို့​နောက် အ​ချို့​သော​ကျမ်း​ပြု​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​က “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​သည် ဆ​ရာ့​ထံ​မှ​နိ​မိတ်​လက္ခ​ဏာ​ကို တွေ့​မြင်​လို​ပါ​သည်”​ဟု ကိုယ်​တော်​အား​လျှောက်​ကြ​၏။

39. ကိုယ်​တော်​က​လည်း “ဆိုး​ညစ်​၍ ဖောက်​ပြန်​သော​မျိုး​ဆက်​သည် နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​သော်​လည်း ပ​ရော​ဖက်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ သူ​တို့​အား ပြ​လိမ့်​မည်​မ​ဟုတ်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 12