20. တရားမျှတမှုကို အောင်မြင်ခြင်းသို့ပို့ဆောင်သည်အထိ သူသည် ကြေနေသောကျူပင်ကိုချိုးမည်မဟုတ်။ တငွေ့ငွေ့လောင်နေသောမီးစာကိုလည်း ငြိမ်းသတ်မည်မဟုတ်။
21. လူမျိုးခြားတို့သည် သူ၏နာမ၌ မျှော်လင့်အားထားကြလိမ့်မည်”ဟူ၍ ဖြစ်၏။
22. ထို့နောက် လူတို့သည် နတ်ဆိုးပူးသည့် မျက်မမြင်ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူကိုကျန်းမာစေတော်မူသဖြင့် ထိုဆွံ့အသောသူသည် စကားပြောနိုင်ပြီး မျက်စိလည်းမြင်လာ၏။
23. ထိုအခါ လူထုပရိသတ်အပေါင်းတို့သည် အံ့ဩငေးမော၍ “ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လေမည်လော”ဟု ပြောဆိုကြ၏။
24. ဖာရိရှဲတို့သည်ကြားလျှင် “ဤသူသည် နတ်ဆိုးတို့၏အကြီးအကဲ ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေခြင်းသာဖြစ်သည်”ဟု ပြောဆိုကြ၏။
25. သို့သော် ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူသဖြင့် “မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောနိုင်ငံတိုင်းသည် လုံးလုံးပျက်စီးသွား၍ မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောမြို့ သို့မဟုတ် အိမ်ထောင်စုတိုင်းသည်လည်း တည်မြဲမည်မဟုတ်။
26. စာတန်သည် စာတန်ကိုနှင်ထုတ်လျှင် မိမိအတွင်း၌ ဆန့်ကျင်ကွဲပြား၏။ သို့ဖြစ်လျှင် သူ၏နိုင်ငံသည် မည်သို့တည်မြဲမည်နည်း။
27. ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် သင်တို့၏သားများသည် မည်သူ့ကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကိုတရားစီရင်သူများဖြစ်ကြလိမ့်မည်။
28. သို့ရာတွင် ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
29. ခွန်အားကြီးသောသူကို ဦးစွာမချည်နှောင်လျှင် သူ့အိမ်သို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မည်သို့လုယူနိုင်မည်နည်း။ ချည်နှောင်ပြီးမှသာ သူ၏အိမ်ကို ဖောက်ထွင်းလုယူနိုင်လိမ့်မည်။
30. ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
31. ထို့ကြောင့် သင်တို့အားငါဆိုသည်ကား လူတို့သည် ဘုရားသခင်ကိုစော်ကားပြောဆိုခြင်းနှင့် အပြစ်ဟူသမျှတို့အတွက် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း ဝိညာဉ်တော်ကို စော်ကားပြောဆိုခြင်းအတွက်မူကား ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။