2. ဖာရိရှဲတို့သည် ထိုအခြင်းအရာကိုမြင်လျှင် “သင်၏တပည့်တို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို ပြုနေကြပါသည်တကား”ဟု ကိုယ်တော်အား လျှောက်ကြ၏။
3. ကိုယ်တော်ကလည်း “ဒါဝိဒ်သည် သူမှစ၍ သူနှင့်အတူရှိသောသူတို့ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
4. သူသည် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး သူကိုယ်တိုင်ရော သူနှင့်အတူရှိသောသူတို့ပါ စားခွင့်မရှိသောရှေ့တော်မုန့်ကို စားခဲ့ကြ၏။
5. ထို့ပြင် ဥပုသ်နေ့တွင် ဗိမာန်တော်၌ရှိသော ယဇ်ပုရောဟိတ်များသည် ဥပုသ်နေ့ဆိုင်ရာပညတ်ချက်ကိုချိုးဖောက်ကြသော်လည်း အပြစ်မရှိကြောင်း ပညတ်တရားကျမ်း၌ မဖတ်ဖူးကြသလော။
6. သင်တို့အား ငါဆိုသည်ကား ဗိမာန်တော်ထက်ကြီးမြတ်သောသူသည် ဤနေရာ၌ရှိ၏။
7. ‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သင်တို့သိခဲ့လျှင် အပြစ်မရှိသောသူတို့ကို ပြစ်တင်ရှုတ်ချခဲ့ကြလိမ့်မည်မဟုတ်။
8. အကြောင်းမူကား လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏”ဟု မိန့်တော်မူ၏။
9. ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်တော်မူ၏။
10. ထိုနေရာ၌ လက်တစ်ဖက်သေသောသူတစ်ဦးရှိ၍ သူတို့သည် ကိုယ်တော်ကိုစွပ်စွဲနိုင်ရန်အတွက် “ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။