ရှင်​မဿဲ​ခ​ရစ်​ဝင် 12:15-26 Myanmar Standard Bible (MSB)

15. ယေ​ရှု​သည် ဤ​အ​ကြောင်း​ကို​သိ​၍ ထို​အ​ရပ်​မှ ထွက်​ခွာ​သွား​တော်​မူ​ရာ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သ​ဖြင့် သူ​တို့​အား​လုံး​ကို ကျန်း​မာ​စေ​တော်​မူ​ပြီး​လျှင်

16. မိ​မိ​အ​ကြောင်း​ကို သိ​သာ​ထင်​ရှား​အောင်​မ​ပြု​ရန် သူ​တို့​ကို​သ​တိ​ပေး​တော်​မူ​၏။

17. ဤ​သည်​ကား ပ​ရော​ဖက်​ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။ မိန့်​တော်​မူ​ချက်​မှာ

18. “ကြည့်​ရှု​လော့။ ဤ​သူ​ကား ငါ​ရွေး​ကောက်​သော ငါ​၏​အ​မှု​ဆောင်၊ ငါ​၏​စိတ်​ဝိ​ညာဉ်​နှစ်​သက်​သည့် ငါ​ချစ်​သော​သူ​ပေ​တည်း။ ငါ​သည် သူ့​အ​ပေါ်​၌ ငါ​၏​ဝိ​ညာဉ်​ကို​တည်​စေ​သ​ဖြင့် သူ​သည် လူ​မျိုး​တ​ကာ​တို့​အား တ​ရား​မျှ​တ​မှု​ကို ကြေ​ညာ​လိမ့်​မည်။

19. သူ​သည် ငြင်း​ခုံ​ခြင်း​နှင့်​အော်​ဟစ်​ခြင်း​ကို​ပြု​မည်​မ​ဟုတ်။ သူ​၏​အ​သံ​ကို​လည်း လမ်း​မ​ပေါ်​၌ မည်​သူ​မျှ ကြား​ရ​မည်​မ​ဟုတ်။

20. တ​ရား​မျှ​တ​မှု​ကို အောင်​မြင်​ခြင်း​သို့​ပို့​ဆောင်​သည်​အ​ထိ သူ​သည် ကြေ​နေ​သော​ကျူ​ပင်​ကို​ချိုး​မည်​မ​ဟုတ်။ တ​ငွေ့​ငွေ့​လောင်​နေ​သော​မီး​စာ​ကို​လည်း ငြိမ်း​သတ်​မည်​မ​ဟုတ်။

21. လူ​မျိုး​ခြား​တို့​သည် သူ​၏​နာ​မ​၌ မျှော်​လင့်​အား​ထား​ကြ​လိမ့်​မည်”​ဟူ​၍ ဖြစ်​၏။

22. ထို့​နောက် လူ​တို့​သည် နတ်​ဆိုး​ပူး​သည့် မျက်​မ​မြင်​ဆွံ့​အ​သော​သူ​တစ်​ဦး​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​ရာ ကိုယ်​တော်​သည် ထို​သူ​ကို​ကျန်း​မာ​စေ​တော်​မူ​သ​ဖြင့် ထို​ဆွံ့​အ​သော​သူ​သည် စ​ကား​ပြော​နိုင်​ပြီး မျက်​စိ​လည်း​မြင်​လာ​၏။

23. ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အံ့​ဩ​ငေး​မော​၍ “ဤ​သူ​သည် ဒါ​ဝိဒ်​၏​သား​တော်​ဖြစ်​လေ​မည်​လော”​ဟု ပြော​ဆို​ကြ​၏။

24. ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​နေ​ခြင်း​သာ​ဖြစ်​သည်”​ဟု ပြော​ဆို​ကြ​၏။

25. သို့​သော် ယေ​ရှု​သည် သူ​တို့​၏​စဉ်း​စား​ဆင်​ခြင်​မှု​များ​ကို သိ​မြင်​တော်​မူ​သ​ဖြင့် “မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​နိုင်​ငံ​တိုင်း​သည် လုံး​လုံး​ပျက်​စီး​သွား​၍ မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​မြို့ သို့​မ​ဟုတ် အိမ်​ထောင်​စု​တိုင်း​သည်​လည်း တည်​မြဲ​မည်​မ​ဟုတ်။

26. စာ​တန်​သည် စာ​တန်​ကို​နှင်​ထုတ်​လျှင် မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​၏။ သို့​ဖြစ်​လျှင် သူ​၏​နိုင်​ငံ​သည် မည်​သို့​တည်​မြဲ​မည်​နည်း။

ရှင်​မဿဲ​ခ​ရစ်​ဝင် 12