11. သင်တို့အား ငါအမှန်ဆိုမည်။ မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှ မပေါ်ထွန်းခဲ့ဖူးပေ။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက်ကြီးမြတ်၏။
12. ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏။
13. အကြောင်းမူကား ပရောဖက်ကျမ်းများနှင့်ပညတ်တရားကျမ်းရှိသမျှတို့သည် ယောဟန်လက်ထက်တိုင်အောင် ပရောဖက်ပြုဟောပြောခဲ့ကြ၏။
14. သင်တို့သည် လက်ခံရန် ဆန္ဒရှိလျှင် ဤသူသည် ပေါ်ထွန်းလာရမည့် ဧလိယဖြစ်၏။
15. နားရှိသောသူသည် ကြားပါစေ။
16. သို့သော် ဤခေတ်ကာလကို မည်သည့်အရာနှင့် ခိုင်းနှိုင်းရမည်နည်း။ ၎င်းတို့သည် ဈေးအရပ်၌ထိုင်လျက် မိမိသူငယ်ချင်းတို့အား
17. ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည် မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည် မမြည်တမ်းကြ’ဟု လှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူ၏။
18. အကြောင်းမူကား ယောဟန်သည်ရောက်လာ၍ မစားမသောက်ဘဲနေသော် ‘သူ၌နတ်ဆိုးပူးနေသည်’ဟု ဆိုကြ၏။
19. လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ သူသည် အစားကြူးသောသူ၊ သေသောက်ကြူးသောသူဖြစ်ပြီး အခွန်ကောက်ခံသူများနှင့် အပြစ်သားတို့၏အပေါင်းအသင်းဖြစ်ပါသည်တကား’ဟု ဆိုကြပြန်၏။ သို့သော် ဉာဏ်ပညာသည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ဆောင်မှုများက ဖော်ပြ၏”ဟု မိန့်တော်မူ၏။
20. ထို့နောက် တန်ခိုးလက္ခဏာအများစုပြုတော်မူရာမြို့များသည် နောင်တမရသောကြောင့် ကိုယ်တော်သည် ထိုမြို့တို့ကိုပြစ်တင်ပြောဆိုလျက်
21. “ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာနှင့်လူးကာ နောင်တရခဲ့ကြပေလိမ့်မည်။
22. သို့သော် သင်တို့အား ငါဆိုမည်။ တရားစီရင်တော်မူရာနေ့၌ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။
23. ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။ အကြောင်းမူကား သင်၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို သောဒုံမြို့၌ ပြုခဲ့လျှင် ထိုမြို့သည် ယနေ့တိုင်အောင် တည်ရှိခဲ့ပေလိမ့်မည်။
24. သို့သော် သင်တို့အား ငါဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံမြို့သည် သင့်ထက် ခံသာလိမ့်မည်”ဟု မိန့်တော်မူ၏။