14. တပည့်တော်တို့သည် မုန့်ကိုယူဆောင်လာရန် မေ့လျော့ကြသဖြင့် လှေပေါ်တွင် သူတို့၌မုန့်တစ်လုံးတည်းသာရှိ၏။
15. ထိုအခါ ကိုယ်တော်က “ဖာရိရှဲတို့၏တဆေးနှင့် ဟေရုဒ်၏တဆေးတို့ကို အထူးသတိပြုကြလော့”ဟု မိန့်မှာတော်မူ၏။
16. တပည့်တော်တို့ကလည်း မိမိတို့၌ မုန့်မပါသောကြောင့်ဖြစ်သည်ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
17. ထိုသို့ပြောဆိုကြသည်ကို ကိုယ်တော်သိတော်မူလျှင် “သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့်အချေအတင်ပြောဆိုကြသနည်း။ သင်တို့သဘောမပေါက်နားမလည်ကြသေးသလော။ သင်တို့စိတ်နှလုံးသည် မာကျောလျက်ရှိနေသေးသလော။
18. သင်တို့သည် မျက်စိရှိလျက်နှင့်မမြင်ကြသလော။ နားရှိလျက်နှင့်မကြားကြသလော။ သင်တို့မမှတ်မိကြသလော။
19. မုန့်ငါးလုံးကို လူငါးထောင်အတွက် ငါဖဲ့ခဲ့စဉ်က မုန့်အကျိုးအပဲ့များကို တောင်းအပြည့်ဘယ်နှတောင်းကောက်သိမ်းခဲ့ကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “တစ်ဆယ့်နှစ်တောင်း”ဟု ပြန်လျှောက်ကြ၏။
20. “မုန့်ခုနစ်လုံးကို လူလေးထောင်အတွက် ငါဖဲ့ခဲ့စဉ်က မုန့်အကျိုးအပဲ့များကို တောင်းအပြည့် ဘယ်နှတောင်းကောက်သိမ်းခဲ့ကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “ခုနစ်တောင်း”ဟု ပြန်လျှောက်ကြ၏။
21. တစ်ဖန် ကိုယ်တော်က “သင်တို့နားမလည်ကြသေးသလော”ဟု မိန့်တော်မူ၏။
22. သူတို့သည် ဗက်ဇဲဒမြို့သို့ရောက်ကြသောအခါ လူတို့သည် မျက်မမြင်တစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာ၍ သူ့ကိုတို့ထိတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။
23. ကိုယ်တော်သည် မျက်မမြင်၏လက်ကိုဆွဲ၍ ရွာအပြင်သို့ခေါ်သွားတော်မူပြီးလျှင် သူ၏မျက်စိပေါ်သို့ တံတွေးထွေးကာ သူ့အပေါ်လက်တော်တင်လျက် “တစ်စုံတစ်ခုကိုမြင်ရသလော”ဟု မေးတော်မူ၏။
24. သူသည် မော့ကြည့်လျက် “လူတို့ကိုမြင်ရပါ၏။ သစ်ပင်များကဲ့သို့ဖြစ်ကြပြီး လမ်းလျှောက်နေကြသည်ကို မြင်ရပါ၏”ဟု လျှောက်လေ၏။
25. ထို့နောက် ကိုယ်တော်သည် သူ၏မျက်စိပေါ်သို့ လက်တော်ကို တစ်ဖန်တင်တော်မူ၏။ ထိုအခါ သူသည် ရှင်းလင်းစွာမြင်ရ၍ အကောင်းပကတိဖြစ်ကာ အားလုံးကို ကြည်လင်စွာမြင်ရလေ၏။
26. ကိုယ်တော်ကလည်း “ရွာထဲသို့မဝင်နှင့်”ဟု မိန့်တော်မူပြီး သူ့ကို မိမိအိမ်သို့ ပြန်လွှတ်တော်မူ၏။
27. ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ဆီဇာရီးယား ဖိလိပ္ပိနယ်ရှိ ကျေးရွာများသို့ကြွတော်မူ၏။ လမ်းခရီး၌ တပည့်တော်တို့အား “လူတို့သည် ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ မေးတော်မူ၏။