7. သူတို့သည် လူတို့၏ပညတ်ချက်များကို ဩဝါဒများအဖြစ်သွန်သင်လျက် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏’ဟု ရေးထားသည့်အတိုင်း
8. သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ လူတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံးကြ၏”ဟု မိန့်တော်မူ၏။
9. တစ်ဖန် သူတို့အား “သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းကိုတည်စေရန် ဘုရားသခင်၏ပညတ်တော်ကို ကောင်းစွာပစ်ပယ်ကြသည်တကား။
10. အကြောင်းမူကား မောရှေက ‘သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့။ မိခင် သို့မဟုတ် ဖခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ဟု ဆိုထား၏။
11. သို့သော် သင်တို့သည် ‘လူတစ်ဦးက ဖခင် သို့မဟုတ် မိခင်အား “အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်ပါပြီ”ဟူ၍ ပြောလျှင် ရ၏’ဟု ဆိုလျက်
12. ထိုသူအား ဖခင် သို့မဟုတ် မိခင်အတွက် မည်သည့်အရာကိုမျှ လုပ်ခွင့်မပေးကြတော့ပေ။
13. ဤသို့ဖြင့် သင်တို့သည် မိမိတို့ဆက်ခံသောဓလေ့ထုံးတမ်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။ ထိုကဲ့သို့သောအမှုအရာများစွာတို့ကိုလည်း သင်တို့ပြုကြ၏”ဟု မိန့်တော်မူ၏။
14. ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကို နောက်တစ်ဖန်ခေါ်ပြီးလျှင် “သင်တို့အားလုံး ငါ့စကားကိုနားထောင်၍ နားလည်ကြလော့။
15. လူ၏ပြင်ပမှ လူ့အထဲသို့ဝင်၍ လူကိုညစ်ညူးစေနိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ။ လူ့အတွင်းမှထွက်လာသောအရာများကသာ လူကိုညစ်ညူးစေကြ၏။
16. ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။
17. ကိုယ်တော်သည် လူထုပရိသတ်ထံမှထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ထိုပုံဥပမာအကြောင်းကို ကိုယ်တော်အားမေးလျှောက်ကြ၏။
18. ထိုအခါ ကိုယ်တော်က “သင်တို့သည်လည်း ဤမျှလောက် အသိတရားကင်းမဲ့လျက်နေကြသလော။ ပြင်ပမှ လူ့အထဲသို့ဝင်သမျှသောအရာသည် လူကိုမညစ်ညူးစေနိုင်ကြောင်း သင်တို့မသိကြသလော။
19. အကြောင်းမူကား ထိုအရာသည် လူ၏စိတ်နှလုံးထဲသို့ ဝင်သည်မဟုတ်။ ဝမ်းထဲသို့ဝင်ပြီးလျှင် ရေအိမ်ထဲသို့ရောက်သွား၏”ဟု မိန့်တော်မူလျက် အစာအားလုံးစင်ကြယ်ကြောင်းဖော်ပြတော်မူ၏။
20. တစ်ဖန် ကိုယ်တော်က “လူ့အထဲမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။