4. ဈေးအရပ်မှ ပြန်လာသောအခါတွင်လည်း မိမိတို့ကိုယ်ကိုမဆေးကြောဘဲ အစာစားလေ့မရှိကြ။ ထို့ပြင် အိုး၊ ခွက်၊ ကြေးပန်းကန်နှင့် ခုတင်တို့ကို ဆေးကြောခြင်းနှင့်ပတ်သက်၍ သူတို့ခံယူကျင့်သုံးရန် ဆက်ခံထားသော အခြားဓလေ့ထုံးတမ်းများစွာရှိကြ၏။)
5. ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “သင်၏တပည့်တို့သည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းနှင့်အညီမလိုက်လျှောက်ဘဲ မစင်ကြယ်သောလက်ဖြင့် အစာစားကြသနည်း”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
6. ကိုယ်တော်ကလည်း “ဟေရှာယသည် သူတော်ကောင်းယောင်ဆောင်သောသူများဖြစ်ကြသော သင်တို့နှင့်ပတ်သက်၍ ပရောဖက်ပြုဟောပြောခဲ့သည်မှာ မှန်လှပေ၏။ ကျမ်းစာ၌ ‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။
7. သူတို့သည် လူတို့၏ပညတ်ချက်များကို ဩဝါဒများအဖြစ်သွန်သင်လျက် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏’ဟု ရေးထားသည့်အတိုင်း
8. သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ လူတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံးကြ၏”ဟု မိန့်တော်မူ၏။
9. တစ်ဖန် သူတို့အား “သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းကိုတည်စေရန် ဘုရားသခင်၏ပညတ်တော်ကို ကောင်းစွာပစ်ပယ်ကြသည်တကား။
10. အကြောင်းမူကား မောရှေက ‘သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့။ မိခင် သို့မဟုတ် ဖခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ဟု ဆိုထား၏။
11. သို့သော် သင်တို့သည် ‘လူတစ်ဦးက ဖခင် သို့မဟုတ် မိခင်အား “အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်ပါပြီ”ဟူ၍ ပြောလျှင် ရ၏’ဟု ဆိုလျက်
12. ထိုသူအား ဖခင် သို့မဟုတ် မိခင်အတွက် မည်သည့်အရာကိုမျှ လုပ်ခွင့်မပေးကြတော့ပေ။
13. ဤသို့ဖြင့် သင်တို့သည် မိမိတို့ဆက်ခံသောဓလေ့ထုံးတမ်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။ ထိုကဲ့သို့သောအမှုအရာများစွာတို့ကိုလည်း သင်တို့ပြုကြ၏”ဟု မိန့်တော်မူ၏။