28. ထိုအမျိုးသမီးကမူ “သခင်ဘုရား၊ စားပွဲအောက်၌ရှိသောခွေးကလေးများပင်လျှင် သားသမီးတို့၏စားနုပ်စားပေါက်များကို စားရကြပါ၏”ဟု ပြန်လျှောက်လေ၏။
29. ကိုယ်တော်ကလည်း “ဤစကားကြောင့် သင်ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထဲမှ ထွက်သွားလေပြီ”ဟု မိန့်တော်မူ၏။
30. ထိုအခါ ထိုအမျိုးသမီးသည် မိမိအိမ်သို့ပြန်သွားရာ သမီးသည် ခုတင်ပေါ်၌လဲလျောင်းနေ၍ နတ်ဆိုးသည် ထွက်သွားပြီဖြစ်ကြောင်း တွေ့ရလေ၏။
31. ထို့နောက် ကိုယ်တော်သည် တိုင်ရာမြို့နှင့်ဆိုင်သောအရပ်ဒေသမှ တစ်ဖန်ထွက်ခွာလျက် ဆီဒုန်မြို့ကိုဖြတ်ကာ ဒေကာပေါလိနယ်နှင့်ဆိုင်သောအရပ်ဒေသအလယ်ပိုင်းမှတစ်ဆင့် ဂါလိလဲပင်လယ်သို့ကြွတော်မူ၏။
32. ထိုအခါ လူတို့သည် နားမကြား၍ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာပြီး သူ့အပေါ် လက်တော်တင်ပေးပါရန် ကိုယ်တော်အား တောင်းပန်ကြ၏။
33. ကိုယ်တော်သည် ထိုသူတစ်ဦးတည်းကိုသာ လူထုပရိသတ်ထဲမှခေါ်သွား၍ လက်ညှိုးတော်တို့ကို သူ၏နားနှစ်ဖက်ထဲသို့ သွင်းတော်မူ၏။ တစ်ဖန် တံတွေးထွေး၍ သူ၏လျှာကို တံတွေးဖြင့်တို့တော်မူ၏။
34. ထို့နောက် မိုးကောင်းကင်သို့မျှော်ကြည့်လျက် သက်ပြင်းချကာ “ဧဖသ”ဟု မိန့်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ “ပွင့်စေ”ဟူ၍ ဖြစ်၏။
35. ထိုခဏချင်းတွင် သူ၏နားသည်ပွင့်၍ သူ၏လျှာကြောပြေလျော့ကာ သူသည် ပီသစွာစကားပြောလေ၏။
36. ကိုယ်တော်သည် ဤအကြောင်းကို မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။ သို့သော် သူတို့ကို ထိုသို့မိန့်မှာတော်မူလေ သူတို့သည် ပို၍ပြောလေဖြစ်၏။
37. လူတို့သည် အတိုင်းထက်အလွန်အံ့အားသင့်လျက် “ကိုယ်တော်သည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားမကြားသောသူကို ကြားစေတော်မူ၍ ဆွံ့အသောသူကိုစကားပြောစေတော်မူ၏”ဟု ပြောဆိုကြ၏။