17. ကိုယ်တော်သည် လူထုပရိသတ်ထံမှထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ထိုပုံဥပမာအကြောင်းကို ကိုယ်တော်အားမေးလျှောက်ကြ၏။
18. ထိုအခါ ကိုယ်တော်က “သင်တို့သည်လည်း ဤမျှလောက် အသိတရားကင်းမဲ့လျက်နေကြသလော။ ပြင်ပမှ လူ့အထဲသို့ဝင်သမျှသောအရာသည် လူကိုမညစ်ညူးစေနိုင်ကြောင်း သင်တို့မသိကြသလော။
19. အကြောင်းမူကား ထိုအရာသည် လူ၏စိတ်နှလုံးထဲသို့ ဝင်သည်မဟုတ်။ ဝမ်းထဲသို့ဝင်ပြီးလျှင် ရေအိမ်ထဲသို့ရောက်သွား၏”ဟု မိန့်တော်မူလျက် အစာအားလုံးစင်ကြယ်ကြောင်းဖော်ပြတော်မူ၏။
20. တစ်ဖန် ကိုယ်တော်က “လူ့အထဲမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။
21. အကြောင်းမူကား မကောင်းသောတွေးတောဆင်ခြင်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊
22. အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။
23. ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။
24. ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ တိုင်ရာမြို့နှင့်ဆိုင်သောအရပ်ဒေသသို့ ကြွတော်မူပြီးလျှင် အိမ်တစ်အိမ်သို့ဝင်တော်မူ၏။ မည်သူမျှမသိစေရန် အလိုတော်ရှိသော်လည်း ပုန်းရှောင်၍မနေနိုင်ပေ။
25. ညစ်ညူးသောနတ်ပူးနေသည့် သမီးငယ်တစ်ယောက်၏မိခင်သည် ကိုယ်တော်၏အကြောင်းကိုကြားလျှင် ချက်ချင်းလာ၍ ခြေတော်ရင်း၌ပျပ်ဝပ်လျက်
26. နတ်ဆိုးကို မိမိသမီးထဲမှ နှင်ထုတ်ပေးပါရန် ကိုယ်တော်အား တောင်းပန်လေ၏။ ထိုအမျိုးသမီးသည် ဆီးရီးယားဖိုနီးရှားနယ်သူ၊ ဂရိလူမျိုးဖြစ်၏။
27. ကိုယ်တော်ကလည်း “သားသမီးတို့ကိုဦးစွာ ဝလင်အောင်ကျွေးပါရစေ။ သားသမီးတို့၏အစာကိုယူ၍ ခွေးကလေးတို့အားချပေးခြင်းသည် မကောင်းမသင့်ပေ”ဟု မိန့်တော်မူ၏။
28. ထိုအမျိုးသမီးကမူ “သခင်ဘုရား၊ စားပွဲအောက်၌ရှိသောခွေးကလေးများပင်လျှင် သားသမီးတို့၏စားနုပ်စားပေါက်များကို စားရကြပါ၏”ဟု ပြန်လျှောက်လေ၏။
29. ကိုယ်တော်ကလည်း “ဤစကားကြောင့် သင်ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထဲမှ ထွက်သွားလေပြီ”ဟု မိန့်တော်မူ၏။
30. ထိုအခါ ထိုအမျိုးသမီးသည် မိမိအိမ်သို့ပြန်သွားရာ သမီးသည် ခုတင်ပေါ်၌လဲလျောင်းနေ၍ နတ်ဆိုးသည် ထွက်သွားပြီဖြစ်ကြောင်း တွေ့ရလေ၏။
31. ထို့နောက် ကိုယ်တော်သည် တိုင်ရာမြို့နှင့်ဆိုင်သောအရပ်ဒေသမှ တစ်ဖန်ထွက်ခွာလျက် ဆီဒုန်မြို့ကိုဖြတ်ကာ ဒေကာပေါလိနယ်နှင့်ဆိုင်သောအရပ်ဒေသအလယ်ပိုင်းမှတစ်ဆင့် ဂါလိလဲပင်လယ်သို့ကြွတော်မူ၏။
32. ထိုအခါ လူတို့သည် နားမကြား၍ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာပြီး သူ့အပေါ် လက်တော်တင်ပေးပါရန် ကိုယ်တော်အား တောင်းပန်ကြ၏။
33. ကိုယ်တော်သည် ထိုသူတစ်ဦးတည်းကိုသာ လူထုပရိသတ်ထဲမှခေါ်သွား၍ လက်ညှိုးတော်တို့ကို သူ၏နားနှစ်ဖက်ထဲသို့ သွင်းတော်မူ၏။ တစ်ဖန် တံတွေးထွေး၍ သူ၏လျှာကို တံတွေးဖြင့်တို့တော်မူ၏။
34. ထို့နောက် မိုးကောင်းကင်သို့မျှော်ကြည့်လျက် သက်ပြင်းချကာ “ဧဖသ”ဟု မိန့်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ “ပွင့်စေ”ဟူ၍ ဖြစ်၏။