ရှင်​မာ​ကု​ခ​ရစ်​ဝင် 7:1-14 Myanmar Standard Bible (MSB)

1. ထို​အ​ခါ​၌ ဖာ​ရိ​ရှဲ​တို့​နှင့် ဂျေ​ရု​ဆ​လင်​မြို့​မှ​လာ​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​သည် ကိုယ်​တော်​ထံ​သို့​စု​ဝေး​ကြ​၍

2. တ​ပည့်​တော်​အ​ချို့​တို့​သည် မ​စင်​ကြယ်​သော​လက်၊ တစ်​နည်း​ဆို​သော် မ​ဆေး​ထား​သော​လက်​ဖြင့် အ​စာ​စား​နေ​ကြ​သည်​ကို တွေ့​မြင်​ကြ​၏။

3. (ဖာ​ရိ​ရှဲ​တို့​မှ​စ​၍ ဂျူး​လူ​မျိုး​အ​ပေါင်း​တို့​သည် ရှေး​လူ​ကြီး​တို့​၏​ဓ​လေ့​ထုံး​တမ်း​ကို ခံ​ယူ​ကျင့်​သုံး​၍ လက်​ကို ကျင့်​ထုံး​အ​တိုင်း​မ​ဆေး​ဘဲ အ​စာ​စား​လေ့​မ​ရှိ​ကြ။

4. ဈေး​အ​ရပ်​မှ ပြန်​လာ​သော​အ​ခါ​တွင်​လည်း မိ​မိ​တို့​ကိုယ်​ကို​မ​ဆေး​ကြော​ဘဲ အ​စာ​စား​လေ့​မ​ရှိ​ကြ။ ထို့​ပြင် အိုး၊ ခွက်၊ ကြေး​ပန်း​ကန်​နှင့် ခု​တင်​တို့​ကို ဆေး​ကြော​ခြင်း​နှင့်​ပတ်​သက်​၍ သူ​တို့​ခံ​ယူ​ကျင့်​သုံး​ရန် ဆက်​ခံ​ထား​သော အ​ခြား​ဓ​လေ့​ထုံး​တမ်း​များ​စွာ​ရှိ​ကြ​၏။)

5. ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​ပြု​ဆ​ရာ​တို့​က “သင်​၏​တ​ပည့်​တို့​သည် အ​ဘယ်​ကြောင့် ရှေး​လူ​ကြီး​တို့​၏​ဓ​လေ့​ထုံး​တမ်း​နှင့်​အ​ညီ​မ​လိုက်​လျှောက်​ဘဲ မ​စင်​ကြယ်​သော​လက်​ဖြင့် အ​စာ​စား​ကြ​သ​နည်း”​ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

6. ကိုယ်​တော်​က​လည်း “ဟေ​ရှာ​ယ​သည် သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​များ​ဖြစ်​ကြ​သော သင်​တို့​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏။ ကျမ်း​စာ​၌ ‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရို​သေ​ကြ​၏။ သို့​သော် သူ​တို့​၏​စိတ်​နှ​လုံး​သည် ငါ​နှင့်​ဝေး​လှ​၏။

7. သူ​တို့​သည် လူ​တို့​၏​ပ​ညတ်​ချက်​များ​ကို ဩ​ဝါ​ဒ​များ​အ​ဖြစ်​သွန်​သင်​လျက် ငါ့​ကို​အ​ချည်း​နှီး​ကိုး​ကွယ်​ကြ​၏’​ဟု ရေး​ထား​သည့်​အ​တိုင်း

8. သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို​ပယ်​၍ လူ​တို့​၏​ဓ​လေ့​ထုံး​တမ်း​ကို ခံ​ယူ​ကျင့်​သုံး​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

9. တစ်​ဖန် သူ​တို့​အား “သင်​တို့​သည် မိ​မိ​တို့​၏​ဓ​လေ့​ထုံး​တမ်း​ကို​တည်​စေ​ရန် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို ကောင်း​စွာ​ပစ်​ပယ်​ကြ​သည်​တ​ကား။

10. အ​ကြောင်း​မူ​ကား မော​ရှေ​က ‘သင်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို ရို​သေ​လော့။ မိ​ခင် သို့​မ​ဟုတ် ဖ​ခင်​ကို ပုတ်​ခတ်​ပြော​ဆို​သော​သူ​သည် သေ​ဒဏ်​ကျ​ခံ​စေ’​ဟု ဆို​ထား​၏။

11. သို့​သော် သင်​တို့​သည် ‘လူ​တစ်​ဦး​က ဖ​ခင် သို့​မ​ဟုတ် မိ​ခင်​အား “အ​ကျွန်ုပ်​ထံ​မှ သင်​တို့​ခံ​စား​ထိုက်​သည့်​အ​ရာ​သည် လှူ​ဖွယ်​ဝတ္ထု​တည်း​ဟူ​သော ကော်​ဘန်​ဖြစ်​ပါ​ပြီ”​ဟူ​၍ ပြော​လျှင် ရ​၏’​ဟု ဆို​လျက်

12. ထို​သူ​အား ဖ​ခင် သို့​မ​ဟုတ် မိ​ခင်​အ​တွက် မည်​သည့်​အ​ရာ​ကို​မျှ လုပ်​ခွင့်​မ​ပေး​ကြ​တော့​ပေ။

13. ဤ​သို့​ဖြင့် သင်​တို့​သည် မိ​မိ​တို့​ဆက်​ခံ​သော​ဓ​လေ့​ထုံး​တမ်း​အား​ဖြင့် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ပယ်​ဖျက်​ကြ​၏။ ထို​ကဲ့​သို့​သော​အ​မှု​အ​ရာ​များ​စွာ​တို့​ကို​လည်း သင်​တို့​ပြု​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

14. ထို့​နောက် ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​ကို နောက်​တစ်​ဖန်​ခေါ်​ပြီး​လျှင် “သင်​တို့​အား​လုံး ငါ့​စ​ကား​ကို​နား​ထောင်​၍ နား​လည်​ကြ​လော့။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 7