30. တမန်တော်တို့သည် ယေရှုထံ ပြန်လည်စုဝေးလာကြ၍ သူတို့ပြုခဲ့သမျှနှင့် သွန်သင်ခဲ့သမျှတို့ကို ကိုယ်တော်အားကြားလျှောက်ကြ၏။
31. ကိုယ်တော်ကလည်း “သင်တို့သည် လူသူကင်းဝေးရာအရပ်သို့ သင်တို့ချည်းသာလာ၍ ခေတ္တအနားယူကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူခြင်းမှာ ဝင်ထွက်သူများသဖြင့် သူတို့သည် အစာစားရန်ပင် အချိန်မရကြသောကြောင့်ဖြစ်၏။
32. ထို့ကြောင့် သူတို့သည် လူသူကင်းဝေးရာအရပ်သို့ သူတို့ချည်းသာ လှေဖြင့်ထွက်သွားကြ၏။
33. သို့သော် လူများစွာတို့သည် သူတို့သွားကြသည်ကိုတွေ့၍ သိမြင်သဖြင့် မြို့ရွာအပေါင်းတို့မှ ထိုအရပ်သို့ ကုန်းကြောင်းဖြင့်ပြေးသွားကာ သူတို့ထက်အလျင်ဦးစွာ ရောက်နှင့်ကြလေ၏။
34. ကိုယ်တော်သည်လှေပေါ်မှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ဖြစ်ကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ များစွာသောအရာတို့ကိုသွန်သင်တော်မူ၏။
35. အချိန်နောက်ကျနေပြီဖြစ်၍ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လျက် “ဤနေရာသည် လူသူကင်းဝေးရာအရပ်ဖြစ်ပြီး အချိန်လည်းနောက်ကျနေပါပြီ။
36. လူတို့သည် ဝန်းကျင်ရှိကျေးလက်တောရွာများသို့သွား၍ မိမိတို့အတွက် စားစရာများဝယ်ယူနိုင်ရန် သူတို့ကိုပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။
37. သို့သော် ကိုယ်တော်က “သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု ပြန်၍မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့သည် ဒေနာရိနှစ်ရာဖြင့် မုန့်များသွားဝယ်၍ သူတို့စားရန် ပေးရပါမည်လော”ဟု ပြန်လျှောက်ကြ၏။
38. ကိုယ်တော်ကလည်း “သင်တို့၌ မုန့်မည်မျှရှိသနည်း။ သွား၍ကြည့်ကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည်လည်း သိရှိပြီးမှ “မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိပါသည်”ဟု လျှောက်ကြ၏။
39. ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို စိမ်းလန်းသောမြက်ခင်းပေါ်၌ အစုလိုက်ထိုင်စေရန် တပည့်တော်တို့အား အမိန့်ပေးတော်မူ၏။
40. လူတို့သည်လည်း တစ်ရာစီ၊ ငါးဆယ်စီ အစုလိုက်ထိုင်ကြ၏။
41. ထိုအခါ ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ လူတို့ကိုဝေပေးရန် တပည့်တော်တို့အားပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူအပေါင်းတို့အား ခွဲဝေပေးတော်မူ၏။
42. လူအပေါင်းတို့သည် စား၍ဝကြ၏။