ရှင်​မာ​ကု​ခ​ရစ်​ဝင် 6:29-49 Myanmar Standard Bible (MSB)

29. ယော​ဟန်​၏​တ​ပည့်​တို့​သည် ထို​သ​တင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ လာ​၍ သူ​၏​အ​လောင်း​ကို​ယူ​ဆောင်​သွား​ပြီး​လျှင် ဂူ​သွင်း​သင်္ဂြိုဟ်​ကြ​၏။

30. တ​မန်​တော်​တို့​သည် ယေ​ရှု​ထံ ပြန်​လည်​စု​ဝေး​လာ​ကြ​၍ သူ​တို့​ပြု​ခဲ့​သ​မျှ​နှင့် သွန်​သင်​ခဲ့​သ​မျှ​တို့​ကို ကိုယ်​တော်​အား​ကြား​လျှောက်​ကြ​၏။

31. ကိုယ်​တော်​က​လည်း “သင်​တို့​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ သင်​တို့​ချည်း​သာ​လာ​၍ ခေတ္တ​အ​နား​ယူ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​ခြင်း​မှာ ဝင်​ထွက်​သူ​များ​သ​ဖြင့် သူ​တို့​သည် အ​စာ​စား​ရန်​ပင် အ​ချိန်​မ​ရ​ကြ​သော​ကြောင့်​ဖြစ်​၏။

32. ထို့​ကြောင့် သူ​တို့​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ သူ​တို့​ချည်း​သာ လှေ​ဖြင့်​ထွက်​သွား​ကြ​၏။

33. သို့​သော် လူ​များ​စွာ​တို့​သည် သူ​တို့​သွား​ကြ​သည်​ကို​တွေ့​၍ သိ​မြင်​သ​ဖြင့် မြို့​ရွာ​အ​ပေါင်း​တို့​မှ ထို​အ​ရပ်​သို့ ကုန်း​ကြောင်း​ဖြင့်​ပြေး​သွား​ကာ သူ​တို့​ထက်​အ​လျင်​ဦး​စွာ ရောက်​နှင့်​ကြ​လေ​၏။

34. ကိုယ်​တော်​သည်​လှေ​ပေါ်​မှ​ဆင်း​သော​အ​ခါ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​ကို​မြင်​လျှင် သူ​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့​သို့​ဖြစ်​ကြ​သော​ကြောင့် သူ​တို့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၍ များ​စွာ​သော​အ​ရာ​တို့​ကို​သွန်​သင်​တော်​မူ​၏။

35. အ​ချိန်​နောက်​ကျ​နေ​ပြီ​ဖြစ်​၍ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လျက် “ဤ​နေ​ရာ​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​ဖြစ်​ပြီး အ​ချိန်​လည်း​နောက်​ကျ​နေ​ပါ​ပြီ။

36. လူ​တို့​သည် ဝန်း​ကျင်​ရှိ​ကျေး​လက်​တော​ရွာ​များ​သို့​သွား​၍ မိ​မိ​တို့​အ​တွက် စား​စ​ရာ​များ​ဝယ်​ယူ​နိုင်​ရန် သူ​တို့​ကို​ပြန်​လွှတ်​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

37. သို့​သော် ကိုယ်​တော်​က “သင်​တို့​ကိုယ်​တိုင် သူ​တို့​အား စား​စ​ရာ​ပေး​ကြ​လော့”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က​လည်း “အ​ကျွန်ုပ်​တို့​သည် ဒေ​နာ​ရိ​နှစ်​ရာ​ဖြင့် မုန့်​များ​သွား​ဝယ်​၍ သူ​တို့​စား​ရန် ပေး​ရ​ပါ​မည်​လော”​ဟု ပြန်​လျှောက်​ကြ​၏။

38. ကိုယ်​တော်​က​လည်း “သင်​တို့​၌ မုန့်​မည်​မျှ​ရှိ​သ​နည်း။ သွား​၍​ကြည့်​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။ သူ​တို့​သည်​လည်း သိ​ရှိ​ပြီး​မှ “မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

39. ထို့​နောက် ကိုယ်​တော်​သည် လူ​အ​ပေါင်း​တို့​ကို စိမ်း​လန်း​သော​မြက်​ခင်း​ပေါ်​၌ အ​စု​လိုက်​ထိုင်​စေ​ရန် တ​ပည့်​တော်​တို့​အား အ​မိန့်​ပေး​တော်​မူ​၏။

40. လူ​တို့​သည်​လည်း တစ်​ရာ​စီ၊ ငါး​ဆယ်​စီ အ​စု​လိုက်​ထိုင်​ကြ​၏။

41. ထို​အ​ခါ ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကာ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ လူ​တို့​ကို​ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အ​ပေါင်း​တို့​အား ခွဲ​ဝေ​ပေး​တော်​မူ​၏။

42. လူ​အ​ပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။

43. ထို့​နောက် မုန့်​အ​ကျိုး​အ​ပဲ့​နှင့် ငါး​၏​အ​ကြွင်း​အ​ကျန်​တို့​ကို ကောက်​သိမ်း​ကြ​ရာ တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။

44. မုန့်​ကို​စား​သော​ယောက်ျား​ဦး​ရေ​မှာ ငါး​ထောင်​ရှိ​၏။

45. ထို့​နောက် ကိုယ်​တော်​သည် ချက်​ချင်း​ပင် တ​ပည့်​တော်​တို့​ကို လှေ​ပေါ်​သို့​တက်​စေ​၍ တစ်​ဖက်​ကမ်း​ရှိ ဗက်​ဇဲ​ဒ​မြို့​သို့ အ​လျင်​ဦး​စွာ​ကူး​နှင့်​စေ​တော်​မူ​ပြီး တစ်​ချိန်​တည်း​မှာ​ပင် လူ​ထု​ပ​ရိ​သတ်​များ​ကို ပြန်​လွှတ်​တော်​မူ​၏။

46. လူ​တို့​ကို​နှုတ်​ဆက်​ပြီး​နောက် ကိုယ်​တော်​သည် ဆု​တောင်း​ရန် တောင်​ပေါ်​သို့​တက်​တော်​မူ​၏။

47. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ လှေ​သည် ပင်​လယ်​အ​လယ်​၌​ရှိ​၏။ ကိုယ်​တော်​မူ​ကား ကုန်း​ပေါ်​၌ တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။

48. လေ​ဆန်​သော​ကြောင့် လှော်​ခတ်​၍ ပင်​ပန်း​နေ​ကြ​သော​တ​ပည့်​တော်​တို့​ကို ကိုယ်​တော်​မြင်​တော်​မူ​လျှင် မိုး​သောက်​ယံ​အ​ချိန်​ဝန်း​ကျင်​၌ ပင်​လယ်​ပေါ်​တွင်​လမ်း​လျှောက်​လျက် သူ​တို့​ထံ​သို့​ကြွ​တော်​မူ​ပြီး သူ​တို့​ကို​ဖြတ်​သွား​မည်​ပြု​လေ​၏။

49. တ​ပည့်​တော်​တို့​သည် ပင်​လယ်​ပေါ်​တွင် ကိုယ်​တော်​လမ်း​လျှောက်​နေ​သည်​ကို​မြင်​လျှင် တစ္ဆေ​ဖြစ်​သည်​ဟု​ထင်​မှတ်​လျက် အော်​ဟစ်​ကြ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 6