ရှင်​မာ​ကု​ခ​ရစ်​ဝင် 5:33-43 Myanmar Standard Bible (MSB)

33. ထို​အ​ခါ ထို​အ​မျိုး​သ​မီး​သည် မိ​မိ​၌​မည်​သို့​ဖြစ်​ခဲ့​သည်​ကို​သိ​သ​ဖြင့် ကြောက်​ရွံ့​တုန်​လှုပ်​လျက် ရှေ့​တော်​သို့​လာ​၍ ပျပ်​ဝပ်​ကာ ဟုတ်​မှန်​သည့်​အ​တိုင်း အ​ကုန်​အ​စင်​လျှောက်​ထား​လေ​၏။

34. ကိုယ်​တော်​က​လည်း “သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ ငြိမ်း​ချမ်း​စွာ​သွား​၍ သင်​၏​ရော​ဂါ​ဝေ​ဒ​နာ​နှင့်​ကင်း​လွတ်​လော့”​ဟု မိန့်​တော်​မူ​၏။

35. ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​စဉ် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​၏​အိမ်​မှ လူ​တို့​သည် ရောက်​လာ​၍ “သင်​၏​သ​မီး​သေ​ဆုံး​သွား​ပါ​ပြီ။ ဆ​ရာ့​ကို အ​ဘယ်​ကြောင့် ဆက်​၍​နှောင့်​ယှက်​နေ​ဦး​မည်​နည်း”​ဟု ပြော​ကြ​၏။

36. သို့​သော် ယေ​ရှု​သည် ထို​စ​ကား​ကို​ဂ​ရု​မ​ပြု​ဘဲ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​အား “မ​စိုး​ရိမ်​နှင့်။ ယုံ​ကြည်​ခြင်း​သာ​ရှိ​လော့”​ဟု မိန့်​တော်​မူ​၏။

37. ကိုယ်​တော်​သည် ပေ​တ​ရု၊ ယာ​ကုပ်​နှင့် ယာ​ကုပ်​၏​ညီ​ယော​ဟန်​တို့​မှ​တစ်​ပါး မည်​သူ့​ကို​မျှ မိ​မိ​နှင့်​အ​တူ​လိုက်​ခွင့်​ပြု​တော်​မ​မူ။

38. ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​၏​အိမ်​သို့ သူ​တို့​ရောက်​ကြ​သော​အ​ခါ လူ​တို့​သည် ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​လျက် ကျယ်​လောင်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ​ကြ​သည်​ကို ကိုယ်​တော်​မြင်​တော်​မူ​လျှင်

39. အ​ထဲ​သို့​ဝင်​၍ “အ​ဘယ်​ကြောင့်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​လျက် ငို​ကြွေး​နေ​ကြ​သ​နည်း။ သူ​ငယ်​မ​သည် သေ​သည်​မ​ဟုတ်။ အိပ်​ပျော်​နေ​ခြင်း​သာ​ဖြစ်​၏”​ဟု သူ​တို့​အား​မိန့်​တော်​မူ​၏။

40. ထို​အ​ခါ သူ​တို့​သည် ကိုယ်​တော်​ကို​လှောင်​ပြောင်​ရယ်​မော​ကြ​၏။ သို့​သော် ကိုယ်​တော်​သည် ထို​သူ​အ​ပေါင်း​တို့​ကို အ​ပြင်​သို့​ထွက်​စေ​ပြီး​လျှင် သူ​ငယ်​မ​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​အ​ပြင် မိ​မိ​နှင့်​အ​တူ​ပါ​လာ​သော​သူ​တို့​ကို​သာ​ခေါ်​၍ သူ​ငယ်​မ​ရှိ​ရာ​သို့​ဝင်​တော်​မူ​၏။

41. ထို့​နောက် သူ​ငယ်​မ​၏​လက်​ကို​ကိုင်​လျက် “တ​လိ​သ​ကု​မိ”​ဟု မိန့်​တော်​မူ​၏။ ၎င်း​၏​အ​ဓိပ္ပာယ်​မှာ “မိန်း​က​လေး၊ သင့်​အား​ငါ​ဆို​မည်။ ထ​လော့”​ဟူ​၍ ဖြစ်​၏။

42. ထို​ခ​ဏ​ချင်း​တွင် မိန်း​က​လေး​သည်​ထ​၍ လမ်း​လျှောက်​လေ​၏။ သူ​သည် အ​သက်​တစ်​ဆယ့်​နှစ်​နှစ်​အ​ရွယ်​ရှိ​၏။ ထို​အ​ခါ လူ​တို့​သည် အ​လွန်​အံ့​သြ​၍​မိန်း​မော​တွေ​ဝေ​ကြ​၏။

43. ကိုယ်​တော်​က​လည်း မည်​သူ​မျှ ဤ​အ​ကြောင်း​ကို​မ​သိ​စေ​ရန် သူ​တို့​အား တင်း​ကျပ်​စွာ​မိန့်​မှာ​တော်​မူ​ပြီး​လျှင် သူ့​အား​စား​စ​ရာ​ပေး​ရန် မိန့်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 5