ရှင်​မာ​ကု​ခ​ရစ်​ဝင် 3:9-23 Myanmar Standard Bible (MSB)

9. လူ​ထု​ပ​ရိ​သတ်​များ​ရှိ​နေ​သော​ကြောင့် ကိုယ်​တော်​သည် မိ​မိ​ကို လူ​တို့​မ​တိုး​ကြိတ်​မိ​စေ​ရန် လှေ​တစ်​စီး​ကို သူ့​အ​တွက်​အ​ဆင်​သင့်​ထား​ရှိ​မည့်​အ​ကြောင်း တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

10. အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် လူ​များ​စွာ​တို့​ကို​ကျန်း​မာ​စေ​ခဲ့​သည်​ဖြစ်​၍ ရော​ဂါ​ဝေ​ဒ​နာ​ရှိ​သူ​အား​လုံး​တို့​သည် ကိုယ်​တော်​ကို​တို့​ထိ​နိုင်​ရန် တိုး​ဝှေ့​ကြ​၏။

11. ညစ်​ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်​တော်​ကို​မြင်​ကြ​သော​အ​ခါ ရှေ့​တော်​၌​ပျပ်​ဝပ်​လျက် “ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​တော်​မူ​၏”​ဟု အော်​ဟစ်​ကြ​၏။

12. ကိုယ်​တော်​က​လည်း မိ​မိ​အ​ကြောင်း​ကို သိ​သာ​ထင်​ရှား​အောင်​မ​ပြု​ရန် ထို​နတ်​ဆိုး​တို့​ကို တင်း​ကျပ်​စွာ​သ​တိ​ပေး​တော်​မူ​၏။

13. ထို့​နောက် ကိုယ်​တော်​သည် တောင်​ပေါ်​သို့​တက်​သွား​၍ အ​လို​တော်​ရှိ​သော​သူ​တို့​ကို​ခေါ်​တော်​မူ​လျှင် သူ​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။

14. ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​တို့​ကို ခန့်​ထား​ပြီး​လျှင် သူ​တို့​ကို တ​မန်​တော်​ဟူ​၍​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၏။ ဤ​သည်​ကား သူ​တို့​ကို ကိုယ်​တော်​နှင့်​အ​တူ​ရှိ​စေ​ရန်​နှင့် သူ​တို့​ကို​စေ​လွှတ်​၍ တ​ရား​ဟော​စေ​ကာ

15. နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​နိုင်​သည့်​အ​ခွင့်​အာ​ဏာ​ရှိ​စေ​ရန်​အ​တွက်​ဖြစ်​၏။

16. ခန့်​ထား​တော်​မူ​သော​တစ်​ဆယ့်​နှစ်​ပါး​မှာ ပေ​တ​ရု​ဟု​ကိုယ်​တော်​အ​မည်​ပေး​ထား​သော ရှိ​မုန်၊

17. မိုး​ကြိုး​၏​သား​များ​ဟူ​၍​အ​ဓိပ္ပာယ်​ရ​သည့် ဗော​နေ​ရ​ဂက်​ဟု​ကိုယ်​တော်​အ​မည်​ပေး​ထား​သော ဇေ​ဗေ​ဒဲ​၏​သား​ယာ​ကုပ်​နှင့် ယာ​ကုပ်​၏​ညီ​ယော​ဟန်၊

18. အန္ဒြေ၊ ဖိ​လိပ္ပု၊ ဗာ​သော​လ​မဲ၊ မဿဲ၊ သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ သဒ္ဒဲ၊ မျိုး​ချစ်​ပုဂ္ဂိုလ်​ရှိ​မုန်​နှင့်

19. ကိုယ်​တော်​ကို​အပ်​နှံ​သည့် ယု​ဒ​ဣ​ရှ​ကာ​ရုတ်​တို့​ဖြစ်​ကြ​၏။

20. ထို့​နောက် ကိုယ်​တော်​သည် အိမ်​ထဲ​သို့​ကြွ​တော်​မူ​ရာ လူ​ထု​ပ​ရိ​သတ်​သည် တစ်​ဖန်​စု​ဝေး​လာ​ကြ​သ​ဖြင့် သူ​တို့​သည် အ​စာ​ကို​ပင်​မ​သုံး​ဆောင်​နိုင်​ကြ​ပေ။

21. ကိုယ်​တော်​၏​ဆွေ​မျိုး​သား​ချင်း​တို့​သည်​ကြား​လျှင် ကိုယ်​တော်​ကို​ထိန်း​ချုပ်​ရန် ထွက်​လာ​ကြ​၏။ အ​ကြောင်း​မှာ “သူ​သည် စိတ်​ဖောက်​ပြန်​နေ​ပြီ”​ဟု လူ​တို့​ပြော​ဆို​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

22. ဂျေ​ရု​ဆ​လင်​မြို့​မှ​ဆင်း​လာ​သော ကျမ်း​ပြု​ဆ​ရာ​တို့​က​လည်း “သူ့​ကို ဗေ​လ​ဇေ​ဗု​လ​နတ်​ပူး​နေ​သည်”​ဟူ​၍​လည်း​ကောင်း၊ “သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ​ကို​အ​မှီ​ပြု​လျက် နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်”​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​၏။

23. ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်​၍ ပုံ​ဥ​ပ​မာ​များ​ဖြင့် မြွက်​ဆို​တော်​မူ​သည်​မှာ “စာ​တန်​သည် စာ​တန်​ကို မည်​ကဲ့​သို့​နှင်​ထုတ်​နိုင်​မည်​နည်း။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 3