11. ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်ကြသောအခါ ရှေ့တော်၌ပျပ်ဝပ်လျက် “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်ကြ၏။
12. ကိုယ်တော်ကလည်း မိမိအကြောင်းကို သိသာထင်ရှားအောင်မပြုရန် ထိုနတ်ဆိုးတို့ကို တင်းကျပ်စွာသတိပေးတော်မူ၏။
13. ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့တက်သွား၍ အလိုတော်ရှိသောသူတို့ကိုခေါ်တော်မူလျှင် သူတို့သည် အထံတော်သို့လာကြ၏။
14. ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးတို့ကို ခန့်ထားပြီးလျှင် သူတို့ကို တမန်တော်ဟူ၍ခေါ်ဝေါ်သမုတ်တော်မူ၏။ ဤသည်ကား သူတို့ကို ကိုယ်တော်နှင့်အတူရှိစေရန်နှင့် သူတို့ကိုစေလွှတ်၍ တရားဟောစေကာ
15. နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သည့်အခွင့်အာဏာရှိစေရန်အတွက်ဖြစ်၏။
16. ခန့်ထားတော်မူသောတစ်ဆယ့်နှစ်ပါးမှာ ပေတရုဟုကိုယ်တော်အမည်ပေးထားသော ရှိမုန်၊
17. မိုးကြိုး၏သားများဟူ၍အဓိပ္ပာယ်ရသည့် ဗောနေရဂက်ဟုကိုယ်တော်အမည်ပေးထားသော ဇေဗေဒဲ၏သားယာကုပ်နှင့် ယာကုပ်၏ညီယောဟန်၊
18. အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့်
19. ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
20. ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ကြွတော်မူရာ လူထုပရိသတ်သည် တစ်ဖန်စုဝေးလာကြသဖြင့် သူတို့သည် အစာကိုပင်မသုံးဆောင်နိုင်ကြပေ။
21. ကိုယ်တော်၏ဆွေမျိုးသားချင်းတို့သည်ကြားလျှင် ကိုယ်တော်ကိုထိန်းချုပ်ရန် ထွက်လာကြ၏။ အကြောင်းမှာ “သူသည် စိတ်ဖောက်ပြန်နေပြီ”ဟု လူတို့ပြောဆိုနေကြသောကြောင့်ဖြစ်၏။
22. ဂျေရုဆလင်မြို့မှဆင်းလာသော ကျမ်းပြုဆရာတို့ကလည်း “သူ့ကို ဗေလဇေဗုလနတ်ပူးနေသည်”ဟူ၍လည်းကောင်း၊ “သူသည် နတ်ဆိုးတို့၏အကြီးအကဲကိုအမှီပြုလျက် နတ်ဆိုးတို့ကိုနှင်ထုတ်သည်”ဟူ၍လည်းကောင်း ပြောဆိုကြ၏။