ရှင်​မာ​ကု​ခ​ရစ်​ဝင် 2:1-15 Myanmar Standard Bible (MSB)

1. ရက်​အ​နည်း​ငယ်​ကြာ​ပြီး​နောက် ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​ထဲ​သို့ တစ်​ဖန်​ဝင်​တော်​မူ​၏။ အိမ်​၌ ကိုယ်​တော်​ရှိ​တော်​မူ​သည်​ကို​ကြား​၍

2. များ​စွာ​သော​လူ​တို့​သည် စု​ဝေး​လာ​ကြ​သ​ဖြင့် အိမ်​တံ​ခါး​ရှေ့​၌​ပင် နေ​ရာ​မ​ရှိ​တော့​ချေ။ ကိုယ်​တော်​သည် သူ​တို့​အား နှုတ်​က​ပတ်​တ​ရား​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​၏။

3. ထို​အ​ခါ လူ​တို့​သည် လေ​ဖြတ်​သော​သူ​တစ်​ဦး​ကို လူ​လေး​ယောက်​အား​ထမ်း​စေ​၍ အ​ထံ​တော်​သို့​သယ်​ဆောင်​လာ​ကြ​၏။

4. လူ​အ​စု​အ​ဝေး​တို့​ကြောင့် သူ့​ကို ကိုယ်​တော်​ထံ​ခေါ်​ဆောင်​သွား​၍​မ​ရ​နိုင်​သ​ဖြင့် သူ​တို့​သည် ကိုယ်​တော်​ရှိ​သည့်​နေ​ရာ​အ​ထက်​မှ ခေါင်​မိုး​ကို​ခွာ​၍ အ​ပေါက်​ဖောက်​ကာ လေ​ဖြတ်​သော​သူ​လဲ​လျောင်း​နေ​သည့်​အိပ်​ရာ​ကို လျှော​ချ​ကြ​၏။

5. ယေ​ရှု​သည် ထို​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လေ​ဖြတ်​သော​သူ​အား “ငါ့​သား၊ သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။

6. သို့​သော် ထို​နေ​ရာ​၌​ထိုင်​နေ​ကြ​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က

7. “ဤ​သူ​သည် အ​ဘယ်​ကြောင့် ထို​ကဲ့​သို့​ပြော​ရ​သ​နည်း။ သူ​သည် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​၏။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး မည်​သူ​သည် အ​ပြစ်​များ​ကို​ခွင့်​လွှတ်​နိုင်​သ​နည်း”​ဟု မိ​မိ​တို့​စိတ်​ထဲ​၌ တွေး​တော​ဆင်​ခြင်​ကြ​၏။

8. သူ​တို့​စိတ်​ထဲ​၌ ထို​သို့​တွေး​တော​ဆင်​ခြင်​နေ​ကြောင်း​ကို ယေ​ရှု​သည် မိ​မိ​စိတ်​ဝိ​ညာဉ်​ဖြင့် ချက်​ချင်း​သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ထို​သို့​တွေး​တော​ဆင်​ခြင်​နေ​ကြ​သ​နည်း။

9. လေ​ဖြတ်​သော​သူ​အား ‘သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ သင်​၏​အိပ်​ရာ​ကို​ဆောင်​ယူ​လျက် လမ်း​လျှောက်​လော့’​ဟု ဆို​ရန် မည်​သည့်​အ​ရာ​က ပို​၍​လွယ်​ကူ​သ​နည်း။

10. သို့​သော် လူ့​သား​သည် မြေ​ကြီး​ပေါ်​၌ အ​ပြစ်​များ​ခွင့်​လွှတ်​ပိုင်​ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေ​ရန်”​ဟု သူ​တို့​အား မိန့်​တော်​မူ​ပြီး​လျှင် လေ​ဖြတ်​သော​သူ​အား

11. “သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်​ရာ​ကို​ဆောင်​ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်​မူ​၏။

12. ထို​အ​ခါ လေ​ဖြတ်​သော​သူ​သည်​ထ​၍ အိပ်​ရာ​ကို​ချက်​ချင်း​ဆောင်​ယူ​လျက် လူ​အ​ပေါင်း​တို့​ရှေ့​မှ​ထွက်​သွား​လေ​၏။ လူ​အ​ပေါင်း​တို့​သည် အံ့​သြ​ငေး​မော​၍ “ငါ​တို့​သည် ဤ​ကဲ့​သို့​သော​အ​ဖြစ်​မျိုး​ကို တစ်​ခါ​မျှ​မ​မြင်​စ​ဖူး”​ဟု ပြော​ဆို​လျက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

13. ကိုယ်​တော်​သည် နောက်​တစ်​ဖန် ပင်​လယ်​ကမ်း​နား​သို့​ကြွ​တော်​မူ​ရာ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​ရောက်​လာ​ကြ​သ​ဖြင့် သူ​တို့​ကို​သွန်​သင်​တော်​မူ​၏။

14. တစ်​ဖန် လမ်း​၌​ကြွ​တော်​မူ​စဉ် အ​ခွန်​ကောက်​ခံ​ရာ​စ​ခန်း​တွင်​ထိုင်​နေ​သည့် အာ​လ​ဖဲ​၏​သား လေ​ဝိ​ကို​မြင်​၍ “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

15. ကိုယ်​တော်​သည် လေ​ဝိ​၏​အိမ်​ထဲ​၌​ထိုင်​၍​စား​သောက်​နေ​တော်​မူ​စဉ် များ​စွာ​သော​အ​ခွန်​ကောက်​ခံ​သူ​နှင့် အ​ပြစ်​သား​တို့​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ယေ​ရှု​နှင့်​အ​တူ စား​သောက်​ပွဲ​၌​ထိုင်​ကြ​၏။ အ​ကြောင်း​မူ​ကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထို​သို့​သော​သူ​များ​စွာ​ရှိ​ကြ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 2