8. လူထုပရိသတ်သည်ရောက်လာ၍ ပြုလေ့ရှိသည့်အတိုင်း သူတို့အတွက်ဆောင်ရွက်ပေးရန် တောင်းဆိုကြ၏။
9. ပိလတ်မင်းကလည်း “သင်တို့အတွက် ဂျူးလူမျိုးတို့၏ဘုရင်ကို လွှတ်ပေးစေလိုသလော”ဟု သူတို့အား ပြန်၍မေးလေ၏။
10. ထိုသို့မေးခြင်းမှာ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံခဲ့ကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။
11. သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ဗာရဗ္ဗကိုသာ လွှတ်ပေးမည့်အကြောင်း တောင်းဆိုကြရန် လူထုပရိသတ်ကိုလှုံ့ဆော်ကြ၏။
12. ထိုအခါ ပိလတ်မင်းက “သို့ဖြစ်လျှင် ဂျူးလူမျိုးတို့၏ဘုရင်ဟု သင်တို့ခေါ်သောသူကို မည်သို့ပြုရမည်နည်း”ဟု တစ်ဖန် မေးလေသော်
13. သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပြန်၍အော်ဟစ်ကြ၏။
14. ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်အပြစ်ကိုကျူးလွန်ခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
15. ပိလတ်မင်းသည် လူထုပရိသတ်ကိုကျေနပ်စေလို၍ သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။
16. ထိုအခါ စစ်သားများသည် ရုံးတော်ဟုခေါ်သော ဘုရင်ခံ၏အိမ်တော်ဝင်းထဲသို့ ကိုယ်တော်ကိုခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကိုစုရုံးစေကြ၏။
17. ထို့နောက် ကိုယ်တော်အား ခရမ်းရောင်ဝတ်လုံကိုဝတ်စေလျက် ဆူးပင်ကို သရဖူအဖြစ်ရစ်ခွေ၍ဆောင်းစေပြီးလျှင်
18. “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ကိုယ်တော်အားနှုတ်ဆက်ကြ၏။
19. ထို့ပြင် ကိုယ်တော်၏ဦးခေါင်းကို ကျူရိုးဖြင့်ရိုက်ကာ ကိုယ်တော်ကိုတံတွေးနှင့်ထွေး၍ ဒူးထောက်လျက် ကိုယ်တော်ကိုရှိခိုးကြ၏။