7. အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့၌ အစဉ်ရှိကြသည်ဖြစ်၍ သင်တို့အလိုရှိသည့်အခါ သူတို့ကိုကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။
8. သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။
9. သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
10. ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှတစ်ပါးဖြစ်သော ယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများလက်သို့ ကိုယ်တော်ကိုအပ်နှံရန် သူတို့ထံသို့သွားလေ၏။
11. သူတို့သည်ကြားလျှင် ဝမ်းမြောက်၍ သူ့ကိုငွေပေးမည်ဟု ကတိပေးကြ၏။ သူသည်လည်း သင့်လျော်သောအချိန်၌ ကိုယ်တော်ကိုအပ်နှံနိုင်ရန် နည်းလမ်းကိုရှာကြံလျက်နေ၏။
12. တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
13. ကိုယ်တော်ကလည်း တပည့်တော်နှစ်ပါးကိုစေလွှတ်၍ “မြို့ထဲသို့သွားကြလော့။ ထိုအခါ ရေအိုးထမ်းသောသူတစ်ဦးကို သင်တို့တွေ့ကြလိမ့်မည်။ ထိုသူ၏နောက်သို့လိုက်သွားကြပြီး