33. ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ပူပန်ခြင်းရှိသဖြင့်
34. “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ သတိနှင့်စောင့်နေကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
35. ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး မြေပေါ်၌ပျပ်ဝပ်လျက် ဖြစ်နိုင်လျှင် ဤအချိန်နာရီကို မိမိထံမှလွန်သွားစေမည့်အကြောင်း ဆုတောင်းကာ
36. “အို အဖခမည်းတော်၊ ကိုယ်တော်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်ပါ၏။ ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ”ဟု တောင်းလျှောက်တော်မူ၏။
37. ထို့နောက် ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား “ရှိမုန်၊ သင်သည် အိပ်ပျော်နေသလော။ တစ်နာရီမျှ သတိနှင့်မစောင့်နိုင်သလော။
38. ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။
39. တစ်ဖန် ထွက်သွား၍ အထက်ကတောင်းလျှောက်ခဲ့သည့်အတိုင်း ဆုတောင်းပြီးမှ
40. နောက်တစ်ဖန် ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကိုတွေ့တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်အား မည်သို့လျှောက်ရမည်ကိုမသိကြ။
41. ထို့နောက် ကိုယ်တော်သည် တတိယအကြိမ်ပြန်လာ၍ “ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ တော်လောက်ပေ၏။ အချိန်ရောက်လာပြီ။ ကြည့်ရှုလော့။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။
42. ထကြ။ သွားကြစို့။ ငါ့ကိုအပ်နှံမည့်သူရောက်လာပြီ”ဟု မိန့်တော်မူ၏။