8. သူ့ကိုဖမ်းဆီး၍ သတ်ပြီးလျှင် စပျစ်ခြံအပြင်သို့ ထုတ်ပစ်ကြ၏။
9. သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုမည်နည်း။ သူသည်လာ၍ ခြံသမားတို့ကိုအဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အားပေးလိမ့်မည်။
10. ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။
11. ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့သြဖွယ်ဖြစ်၏’ဟူသောကျမ်းချက်ကို မဖတ်ဖူးကြသလော”ဟု မိန့်တော်မူ၏။
12. ထိုအခါ သူတို့သည် ထိုပုံဥပမာကို မိမိတို့အားရည်ညွှန်း၍ မိန့်တော်မူကြောင်းသိကြသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်ကိုကြောက်သောကြောင့် ကိုယ်တော်ကိုထားခဲ့၍ ထွက်သွားကြ၏။
13. ထို့နောက် သူတို့သည် နှုတ်တော်ထွက်စကားအားဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ဖာရိရှဲနှင့်ဟေရုဒ်၏လူအချို့တို့ကို အထံတော်သို့စေလွှတ်ကြ၏။
14. သူတို့သည်လာ၍ ကိုယ်တော်အား “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး မည်သူ့ကိုမျှအားမနာကြောင်း အကျွန်ုပ်တို့သိကြပါ၏။ အဘယ်ကြောင့်ဆိုသော် ဆရာသည် လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ပါ၏။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော သို့မဟုတ် မညီသလော။ အကျွန်ုပ်တို့ဆက်သသင့်သလော သို့မဟုတ် မဆက်သသင့်သလော”ဟု မေးလျှောက်ကြ၏။
15. သို့သော် ကိုယ်တော်သည် သူတို့၏သူတော်ကောင်းယောင်ဆောင်မှုကို သိတော်မူ၍ “အဘယ်ကြောင့် ငါ့ကိုစမ်းသပ်ကြသနည်း။ ငါကြည့်ရန်အတွက် ဒေနာရိတစ်ပြားကို ငါ့ထံယူခဲ့ကြလော့”ဟု မိန့်တော်မူ၏။
16. သူတို့ယူလာကြသောအခါ ကိုယ်တော်က “ဤသည်ကား မည်သူ၏ပုံ၊ မည်သူ၏ကမ္ပည်းစာဖြစ်သနည်း”ဟု မေးတော်မူလျှင် သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။
17. ယေရှုကလည်း “ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူရာ သူတို့သည် ကိုယ်တော်ကိုအံ့သြကြ၏။