36. ဒါဝိဒ်ကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ‘ထာဝရဘုရားသည် ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထား၏။
37. ဒါဝိဒ်ကိုယ်တိုင် ခရစ်တော်ကို ‘သခင်’ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။ များစွာသောလူထုပရိသတ်သည် ကိုယ်တော်၏စကားတော်ကို ဝမ်းမြောက်စွာနားထောင်နေကြ၏။
38. ကိုယ်တော်သည် ဆက်၍ဟောပြောသွန်သင်တော်မူရာ၌ “ကျမ်းပြုဆရာတို့ကို သတိထားကြလော့။ သူတို့သည် ဝတ်လုံကိုဝတ်၍ သွားလာခြင်းကိုလည်းကောင်း၊ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊
39. ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊ စားသောက်ပွဲများ၌ အထူးနေရာများကိုလည်းကောင်း နှစ်သက်ကြ၏။
40. သူတို့သည် မုဆိုးမတို့၏အိမ်ကိုမတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ သူတို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
41. ထို့နောက် ကိုယ်တော်သည် အလှူခံသေတ္တာဘက်သို့မျက်နှာမူလျက် ထိုင်တော်မူ၍ လူတို့သည် ကြေးဒင်္ဂါးကို အလှူခံသေတ္တာထဲသို့ ထည့်နေကြပုံကို ကြည့်ရှုတော်မူ၏။ ချမ်းသာသောသူများစွာတို့သည် အမြောက်အမြားထည့်ကြ၏။
42. ထိုစဉ် ဆင်းရဲသောမုဆိုးမတစ်ဦးသည် လာ၍ ကွတ်ရန်တေးတစ်ပြားနှင့်ညီသော လတ္တာနှစ်ပြားကိုထည့်လေ၏။
43. ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ “သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အလှူခံသေတ္တာထဲသို့ ထည့်သောသူအားလုံးထက် ပို၍ထည့်လေပြီ။
44. အကြောင်းမူကား သူတို့အားလုံးသည် မိမိတို့၏ကြွယ်ဝပြည့်စုံမှုထဲမှ ထည့်ကြ၏။ ဤမုဆိုးမမူကား မိမိ၏ဆင်းရဲချို့တဲ့မှုထဲမှ သူ၌ရှိသမျှသောအရာအားလုံး၊ သူ၏အသက်မွေးစရာအားလုံးကို ထည့်လေပြီ”ဟု မိန့်တော်မူ၏။