21. ထိုအခါ ပေတရုသည် သတိရ၍ “ရဗ္ဗိ၊ ကြည့်ပါ။ ကိုယ်တော်ကျိန်တော်မူသောသဖန်းပင်သည် ညှိုးနွမ်းခြောက်သွေ့ပါပြီ”ဟု လျှောက်လေ၏။
22. ယေရှုကလည်း “ဘုရားသခင်ကို ယုံကြည်ကြလော့။
23. သင်တို့အား ငါအမှန်ဆိုသည်ကား မည်သူမဆို ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျက် မိမိစိတ်နှလုံးထဲ၌ သံသယကင်းမဲ့ကာ မိမိဆိုသည့်အတိုင်းဖြစ်မည်ဟုယုံကြည်လျှင် ထိုသူဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။
24. ထို့ကြောင့် သင်တို့အား ငါဆိုမည်။ သင်တို့ဆုတောင်းသောအခါ တောင်းလျှောက်သမျှသောအရာတို့ကို ရရှိပြီဟုယုံကြည်ကြလော့။ ထိုအခါ သင်တို့အတွက် ထိုအတိုင်းဖြစ်လိမ့်မည်။
25. သင်တို့သည် မတ်တတ်ရပ်လျက် ဆုတောင်းကြသောအခါ တစ်ဦးတစ်ယောက်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် ခွင့်လွှတ်ကြလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်။
26. [သို့သော် သင်တို့ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်]”ဟု မိန့်တော်မူ၏။
27. ထို့နောက် သူတို့သည် ဂျေရုဆလင်မြို့သို့ တစ်ဖန်ရောက်ကြ၏။ ကိုယ်တော်သည် ဗိမာန်တော်ထဲ၌ ကြွတော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့်သက်ကြီးဝါကြီးတို့သည် အထံတော်သို့လာ၍
28. “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ သို့မဟုတ် ဤသို့ပြုနိုင်သောအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။
29. ယေရှုကလည်း “ငါသည် သင်တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ ငါ့ကိုဖြေကြလော့။ သို့ပြုလျှင် ဤအရာများကို မည်သည့်အခွင့်အာဏာနှင့်ငါပြုကြောင်း သင်တို့အား ငါပြောမည်။
30. ယောဟန်၏ဗတ္တိဇံသည် ကောင်းကင်မှဖြစ်သလော သို့မဟုတ် လူတို့ထံမှဖြစ်သလော။ ငါ့ကိုဖြေကြလော့”ဟု မိန့်တော်မူ၏။
31. ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးပြောဆိုကြကာ “‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။
32. ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်းမဖြစ်”ဟု ဆိုကြ၏။ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ဖြစ်သည်ဟု အမှန်ပင် မှတ်ယူကြသောကြောင့် သူတို့သည် လူထုပရိသတ်ကိုကြောက်ကြ၏။
33. ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့မသိပါ”ဟု ယေရှုအား ပြန်ဖြေကြ၏။ ထိုအခါ ယေရှုက “ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော”ဟု သူတို့အား မိန့်တော်မူ၏။