11. ဤသို့ဖြင့် ကိုယ်တော်သည် ဂျေရုဆလင်မြို့ထဲသို့ဝင်၍ ဗိမာန်တော်သို့ကြွတော်မူ၏။ အရာရာတို့ကို လှည့်လည်ကြည့်ရှုတော်မူပြီးလျှင် ညနေချမ်းအချိန်ရောက်ပြီဖြစ်၍ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ ဗေသနိရွာသို့ကြွတော်မူ၏။
12. နောက်တစ်နေ့၌ ဗေသနိရွာမှ သူတို့ထွက်ခွာကြသောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။
13. ထိုစဉ် အရွက်များဝေဆာနေသော သဖန်းပင်တစ်ပင်ကို အဝေးမှမြင်၍ ထိုအပင်၌ တစ်စုံတစ်ခုတွေ့လိုတွေ့ငြား အပင်ရှိရာသို့ကြွတော်မူ၏။ သို့သော် ရောက်တော်မူသောအခါ သဖန်းသီးပေါ်ချိန်မဟုတ်သောကြောင့် ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှတွေ့တော်မမူချေ။
14. ထိုအခါ ထိုအပင်အား “သင့်ထံမှအသီးကို ယခုမှစ၍ ကာလအစဉ်အဆက် မည်သူမျှ မစားရပါစေနှင့်”ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်းကြားကြ၏။
15. သူတို့သည် ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူတို့ကိုနှင်ထုတ်ကာ ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူ၏။
16. ထို့ပြင် ဗိမာန်တော်ကိုဖြတ်၍ ကုန်ပစ္စည်းများသယ်ဆောင်ရန် မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။
17. ကိုယ်တော်သည် သူတို့အားသွန်သင်လျက် “‘ငါ့အိမ်သည် လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်မဟုတ်လော။ သို့သော် သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာဖြစ်စေကြပြီတကား”ဟု မိန့်တော်မူ၏။
18. ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့သည် ထိုအကြောင်းကိုကြားသိသောအခါ ကိုယ်တော်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြသောကြောင့် သူတို့သည် ကိုယ်တော်ကိုကြောက်ရွံ့ကြ၏။
19. မှောင်ရီပျိုးစချိန်ရောက်လာသောအခါ ယေရှုနှင့်တပည့်တော်တို့သည် မြို့ပြင်သို့ထွက်သွားကြ၏။
20. နံနက်စောစော လမ်း၌ဖြတ်သွားကြစဉ် အမြစ်မှစ၍ ညှိုးနွမ်းခြောက်သွေ့နေသောသဖန်းပင်ကို သူတို့မြင်ကြ၏။
21. ထိုအခါ ပေတရုသည် သတိရ၍ “ရဗ္ဗိ၊ ကြည့်ပါ။ ကိုယ်တော်ကျိန်တော်မူသောသဖန်းပင်သည် ညှိုးနွမ်းခြောက်သွေ့ပါပြီ”ဟု လျှောက်လေ၏။