41. ကျန်တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ယာကုပ်နှင့်ယောဟန်တို့ကို စိတ်ဆိုးကြ၏။
42. ထိုအခါ ယေရှုသည် သူတို့ကိုခေါ်လျက် “လူမျိုးခြားတို့တွင် သူတို့ကိုအုပ်ချုပ်ရန် သတ်မှတ်ထားခြင်းခံရသောသူတို့သည် ပြည်သူတို့အပေါ် စိုးမိုးခြယ်လှယ်ကြ၍ သူတို့၏အကြီးအကဲတို့သည် သူတို့အပေါ် အာဏာသုံးတတ်ကြသည်ကို သင်တို့သိကြ၏။
43. သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။
44. သင်တို့တွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် အားလုံး၏အစေအပါးဖြစ်ရမည်။
45. အကြောင်းမူကား လူ့သားသည်လည်း လုပ်ကျွေးပြုစုခြင်းကိုခံရန်မဟုတ်ဘဲ လုပ်ကျွေးပြုစုရန်နှင့် များစွာသောသူတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိအသက်ကိုစွန့်ရန်လာ၏”ဟု မိန့်တော်မူ၏။
46. ထို့နောက် သူတို့သည် ဂျေရိခေါမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ များစွာသောလူထုပရိသတ်ပါလျက် ဂျေရိခေါမြို့မှထွက်ခွာတော်မူစဉ် တိမဲ၏သား ဗာတိမဲအမည်ရှိသော မျက်မမြင် သူတောင်းစားတစ်ဦးသည် လမ်းဘေးတွင်ထိုင်လျက်နေ၏။
47. နာဇရက်မြို့သားယေရှုဖြစ်ကြောင်း သူကြားသိလျှင် “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု အော်ဟစ်လေ၏။
48. လူအများတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။
49. ထိုအခါ ယေရှုသည်ရပ်တန့်လျက် “သူ့ကိုခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။ လူတို့သည်လည်း ထိုမျက်မမြင်ကိုခေါ်၍ “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်သည် သင့်ကိုခေါ်တော်မူ၏”ဟု ဆိုကြ၏။
50. သူသည်လည်း မိမိဝတ်ရုံကို ဘေးသို့ပစ်ချပြီး ထ၍ ယေရှုထံသို့လာလေ၏။
51. ယေရှုက “သင့်အတွက် မည်သည့်အမှုကိုပြုစေလိုသနည်း”ဟု မေးတော်မူလျှင် မျက်မမြင်က “ရဗ္ဗုနိ၊ မျက်စိမြင်အောင်လုပ်ပေးစေလိုပါသည်”ဟု လျှောက်လေ၏။