11. ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
12. ချစ်ရသောသူတို့၊ သင်တို့ကို စမ်းသပ်စစ်ဆေးရန် သင်တို့ထံကျရောက်လာသည့်ဒုက္ခမီးကို သင်တို့၌ ထူးဆန်းသောအရာဖြစ်ပျက်လာသကဲ့သို့ အံ့ဩခြင်းမရှိဘဲ
13. ခရစ်တော်၏ဒုက္ခဝေဒနာများ၌ ပါဝင်ရသည့်အတွက် ဝမ်းမြောက်ကြလော့။ ဤသည်ကား ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှားသောအချိန်၌ သင်တို့သည် ဝမ်းမြောက်ရွှင်မြူးကြမည့်အကြောင်းတည်း။
14. သင်တို့သည် ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုန်းအသရေနှင့်ပြည့်စုံသောဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အပေါ်၌ ကိန်းဝပ်တော်မူ၏။
15. သင်တို့တွင် လူသတ်သမားအဖြစ်ဖြစ်စေ၊ သူခိုးအဖြစ်ဖြစ်စေ၊ ဒုစရိုက်ပြုသူအဖြစ်ဖြစ်စေ၊ သူတစ်ပါးအမှု၌ ဝင်ရောက်စွက်ဖက်သူအဖြစ်ဖြစ်စေ ဒုက္ခဝေဒနာခံစားရမည့်သူ တစ်စုံတစ်ဦးမျှမရှိစေနှင့်။
16. သို့သော် တစ်စုံတစ်ဦးသည် ခရစ်ယာန်အဖြစ် ဒုက္ခဝေဒနာခံစားရလျှင် ရှက်ကြောက်ခြင်းမရှိဘဲ ထိုအမည်နာမကြောင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းပါစေ။
17. အကြောင်းမူကား တရားစီရင်ခြင်းကို ဘုရားသခင်၏အိမ်တော်မှ အစပြုမည့်အချိန်ရောက်လေပြီ။ ထိုသို့ ငါတို့ထံမှ အစပြုမည်ဆိုလျှင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့၏နိဂုံးသည် မည်သို့ဖြစ်မည်နည်း။
18. ထို့အတူ ဖြောင့်မတ်သောသူပင် ခဲယဉ်းစွာ ကယ်တင်ခြင်းခံရသည်ဆိုလျှင် ဘုရားတရားမဲ့သောသူနှင့်အပြစ်သားတို့သည် မည်သို့ဖြစ်သွားမည်နည်း။
19. ထို့ကြောင့် ဘုရားသခင်၏အလိုတော်အရ ဒုက္ခဝေဒနာခံစားရသောသူတို့သည် ကောင်းသောအမှုကိုပြုရာ၌ မိမိတို့၏စိတ်ဝိညာဉ်ကို သစ္စာနှင့်ပြည့်စုံသောဖန်ဆင်းရှင်ထံသို့ အပ်နှံထားကြစေ။