1. ခရစ်တော်သည် ကိုယ်ကာယ၌ ထိုသို့ ဒုက္ခဝေဒနာခံစားရသည်ဖြစ်၍ သင်တို့သည်လည်း ထိုသို့သောသဘောထားမျိုးကို လက်နက်အဖြစ် စွဲကိုင်ထားကြလော့။ အဘယ်ကြောင့်ဆိုသော် ကိုယ်ကာယတွင် ဒုက္ခဝေဒနာခံစားရသောသူသည် အပြစ်နှင့်ပြတ်စဲပြီဖြစ်၏။
2. ဤသည်ကား ကိုယ်ကာယ၌အသက်ရှင်ရမည့် ကျန်ရှိသေးသောအချိန်ကာလကို လူတို့၏တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်၏အလိုတော်အားဖြင့် အသက်ရှင်နိုင်ရန်ဖြစ်၏။
3. အကြောင်းမူကား လူမျိုးခြားတို့၏ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ အပျော်ကြူးခြင်း၊ သောက်စားမြူးထူးခြင်းနှင့် ပညတ်တရားကတားမြစ်ထားသော ရုပ်တုကိုးကွယ်ခြင်းတို့တွင် ကျင်လည်ခဲ့သည့် လွန်ခဲ့သောအချိန်သည် သင်တို့အတွက် တော်လောက်ပေ၏။
4. ယခုမှာ သင်တို့သည် ထိုကဲ့သို့သောလွန်ကဲသည့်အပျော်ကြူးခြင်း၌ သူတို့နှင့်အတူမပါဝင်ကြသောကြောင့် သူတို့သည် အံ့ဩလျက် စော်ကားပြောဆိုကြ၏။
5. သူတို့သည် အသက်ရှင်သောသူတို့နှင့်သေသောသူတို့ကို တရားစီရင်ရန် အသင့်ရှိတော်မူသောအရှင်ထံ၌ ဖြေရှင်းချက်ပေးရကြလိမ့်မည်။
6. ဤအကြောင်းကြောင့် သေသောသူတို့ကိုလည်း ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။ ဤသည်ကား သူတို့သည် သွေးသား၌ လူသားအနေဖြင့် တရားစီရင်ခြင်းကိုခံရသော်လည်း ဝိညာဉ်၌မူကား ဘုရားသခင်အားဖြင့် အသက်ရှင်ကြရန်ဖြစ်၏။
7. ခပ်သိမ်းသောအရာတို့၏နောက်ဆုံးချိန် နီးကပ်လာပြီဖြစ်၍ ဆုတောင်းခြင်းအမှုကိုပြုနိုင်ရန် တည်ငြိမ်မှန်ကန်သောစိတ်နှင့် သမ္မာသတိရှိကြလော့။
8. ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ထက် အချင်းချင်းကြား၌ ခိုင်မြဲသောချစ်ခြင်းမေတ္တာရှိကြလော့။