8. နောက်ဆုံးအနေဖြင့်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်သဘောတည်းရှိလျက် ကြင်နာတတ်သောသဘော၊ ညီအစ်ကိုချင်းချစ်တတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် စိတ်နှိမ့်ချသောသဘောရှိကြလော့။
9. သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေဆက်ခံရမည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသည်ဖြစ်၍ အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကဲ့ရဲ့ပြစ်တင်ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ဘဲ ကောင်းချီးကိုသာပေးကြလော့။
10. အကြောင်းမူကား အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောနေ့ရက်တို့ကို တွေ့မြင်လိုသောသူသည် မိမိလျှာကိုချုပ်တည်း၍ မကောင်းသောစကားနှင့်ကင်းလွတ်စေ။ မိမိနှုတ်ကိုလည်းချုပ်တည်း၍ မုသားမပြောမိစေနှင့်။
11. မကောင်းသောအမှုကိုရှောင်ရှားလျက် ကောင်းသောအမှုကိုပြုစေ။ ငြိမ်သက်ခြင်းကိုရှာ၍ ၎င်းကိုရရှိရန်ကြိုးစားစေ။
12. အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၍ သူတို့၏ဆုတောင်းသံကိုနားညောင်းတော်မူ၏။ သို့သော် မကောင်းသောအမှုကိုပြုသောသူတို့ထံမှ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။
13. သင်တို့သည် ကောင်းသောအမှု၌ စိတ်အားထက်သန်လျှင် မည်သူသည် သင်တို့ကို အန္တရာယ်ပြုမည်နည်း။
14. သို့သော် ဖြောင့်မတ်ခြင်းကြောင့် ဒုက္ခဝေဒနာခံစားခဲ့ရလျှင်ပင် သင်တို့သည် မင်္ဂလာရှိကြ၏။ သူတို့၏ခြိမ်းခြောက်မှုကြောင့် ကြောက်ရွံ့ခြင်းနှင့်တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ
15. သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် ရိုသေလေးမြတ်ကြလော့။ သင်တို့၌ရှိသည့် မျှော်လင့်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင်တို့အား မေးမြန်းသောသူအားလုံးတို့ကို ဖြေရှင်းပြောဆိုနိုင်ရန် အမြဲတမ်းအသင့်ရှိကြလော့။