ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:10-22 Myanmar Standard Bible (MSB)

10. အ​ကြောင်း​မူ​ကား အ​သက်​ရှင်​ခြင်း​ကို​နှစ်​သက်​၍ ကောင်း​သော​နေ့​ရက်​တို့​ကို တွေ့​မြင်​လို​သော​သူ​သည် မိ​မိ​လျှာ​ကို​ချုပ်​တည်း​၍ မ​ကောင်း​သော​စ​ကား​နှင့်​ကင်း​လွတ်​စေ။ မိ​မိ​နှုတ်​ကို​လည်း​ချုပ်​တည်း​၍ မု​သား​မ​ပြော​မိ​စေ​နှင့်။

11. မ​ကောင်း​သော​အ​မှု​ကို​ရှောင်​ရှား​လျက် ကောင်း​သော​အ​မှု​ကို​ပြု​စေ။ ငြိမ်​သက်​ခြင်း​ကို​ရှာ​၍ ၎င်း​ကို​ရ​ရှိ​ရန်​ကြိုး​စား​စေ။

12. အ​ဘယ်​ကြောင့်​ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို​ကြည့်​ရှု​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​သံ​ကို​နား​ညောင်း​တော်​မူ​၏။ သို့​သော် မ​ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​တို့​ထံ​မှ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​လွှဲ​တော်​မူ​၏။

13. သင်​တို့​သည် ကောင်း​သော​အ​မှု​၌ စိတ်​အား​ထက်​သန်​လျှင် မည်​သူ​သည် သင်​တို့​ကို အန္တ​ရာယ်​ပြု​မည်​နည်း။

14. သို့​သော် ဖြောင့်​မတ်​ခြင်း​ကြောင့် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ခဲ့​ရ​လျှင်​ပင် သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​၏​ခြိမ်း​ခြောက်​မှု​ကြောင့် ကြောက်​ရွံ့​ခြင်း​နှင့်​တုန်​လှုပ်​ချောက်​ချား​ခြင်း​မ​ရှိ​ဘဲ

15. သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ခ​ရစ်​တော်​ကို အ​ရှင်​သ​ခင်​အ​ဖြစ် ရို​သေ​လေး​မြတ်​ကြ​လော့။ သင်​တို့​၌​ရှိ​သည့် မျှော်​လင့်​ခြင်း​အ​ကြောင်း​နှင့်​ပတ်​သက်​၍ သင်​တို့​အား မေး​မြန်း​သော​သူ​အား​လုံး​တို့​ကို ဖြေ​ရှင်း​ပြော​ဆို​နိုင်​ရန် အ​မြဲ​တမ်း​အ​သင့်​ရှိ​ကြ​လော့။

16. သို့​သော် နူး​ညံ့​သိမ်​မွေ့​သော​စိတ်၊ ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့် ကြည်​လင်​သော​အ​သိ​စိတ်​တို့​ဖြင့် ဖြေ​ရှင်း​ပြော​ဆို​ကြ​လော့။ သို့​ပြု​လျှင် ခ​ရစ်​တော်​၌​ရှိ​သည့် သင်​တို့​၏​ကောင်း​သော​အ​သက်​ရှင်​နေ​ထိုင်​မှု​ကို ကဲ့​ရဲ့​ရှုတ်​ချ​သော​သူ​တို့​သည် သင်​တို့​ကို ပုတ်​ခတ်​ပြော​ဆို​သည့်​အ​တွက် အ​ရှက်​ရ​ကြ​လိမ့်​မည်။

17. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင် မ​ကောင်း​သော​အ​မှု​ကို​ပြု​၍ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​ခြင်း​ထက် ကောင်း​သော​အ​မှု​ကို​ပြု​၍ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​ခြင်း​သည် သာ​၍​ကောင်း​၏။

18. အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​သည်​လည်း အ​ပြစ်​အ​တွက် တစ်​ကြိမ်​တည်း​နှင့်​အ​ပြီး ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​တော်​မူ​၏။ သင်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပို့​ဆောင်​မည့်​အ​ကြောင်း ဖြောင့်​မတ်​သော​အ​ရှင်​သည် မ​ဖြောင့်​မတ်​သော​သူ​တို့​ကိုယ်​စား ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​တော်​မူ​၏။ ကိုယ်​တော်​သည် ကိုယ်​ကာ​ယ​၌ အ​မှန်​ပင်​အ​သေ​ခံ​သော်​လည်း ဝိ​ညာဉ်​တော်​၌​မူ​ကား အ​သက်​ရှင်​စေ​ခြင်း​ကို​ခံ​တော်​မူ​လျက်

19. ထို​အ​ခြေ​အ​နေ​၌​ပင် အ​ကျဉ်း​ချ​ခံ​ရ​သော​ဝိ​ညာဉ်​များ​ထံ​သို့ သွား​၍ တ​ရား​ဟော​တော်​မူ​၏။

20. ထို​ဝိ​ညာဉ်​များ​မှာ တစ်​ချိန်​က နော​ဧ​လက်​ထက်​၌ သင်္ဘော​တည်​ဆောက်​စဉ်​တွင် ဘု​ရား​သ​ခင်​သည် စိတ်​ရှည်​စွာ​ဖြင့် စောင့်​ဆိုင်း​တော်​မူ​သော်​လည်း နာ​ခံ​ခြင်း​မ​ရှိ​ခဲ့​သော​ဝိ​ညာဉ်​များ​ဖြစ်​ကြ​၏။ ထို​သင်္ဘော​ထဲ​၌ ရှစ်​ယောက်​မျှ​ဖြစ်​သော လူ​အ​နည်း​ငယ်​တို့​သာ ရေ​မှ​တစ်​ဆင့် ကယ်​တင်​ခြင်း​ခံ​ရ​ကြ​၏။

21. ဤ​အ​ရာ​သည် ယ​ခု သင်​တို့​ကို​ကယ်​တင်​သော ဗတ္တိ​ဇံ​ကို​ပုံ​ဆောင်​၏။ ဗတ္တိ​ဇံ​သည် ကိုယ်​ကာ​ယ​၏​အ​ညစ်​အ​ကြေး​ကို ချွတ်​ပယ်​ခြင်း​မ​ဟုတ်​ဘဲ ယေ​ရှု​ခ​ရစ်​တော်​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​အား​ဖြင့် ကြည်​လင်​သော​အ​သိ​စိတ်​ကို ဘု​ရား​သ​ခင်​ထံ​တောင်း​လျှောက်​ခြင်း​ဖြစ်​၏။

22. ခ​ရစ်​တော်​သည် ကောင်း​ကင်​ဘုံ​သို့​ကြွ​တော်​မူ​၍ ကောင်း​ကင်​တ​မန်​များ၊ အာ​ဏာ​စက်​များ​နှင့် တန်​ခိုး​တို့​ကို မိ​မိ​လက်​အောက်​၌​ချ​ထား​လျက် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌​ရှိ​နေ​တော်​မူ​၏။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3