2-3. သခင်ဘုရားသည် ကျေးဇူးပြုတော်မူကြောင်း သင်တို့မြည်းစမ်းကြပြီဖြစ်၍ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်အားဖြင့် ကယ်တင်ခြင်း၌ကြီးထွားရန် မွေးကင်းစကလေးငယ်များကဲ့သို့ ထိုနို့ရည်ကိုတောင့်တကြလော့။
12. လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
13. လူတို့စီရင်ခန့်ထားသောအုပ်ချုပ်မှုစနစ်အားလုံးကို သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ နာခံကြလော့။ အထွတ်အမြတ်ဖြစ်သောရှင်ဘုရင်ကိုဖြစ်စေ၊
14. ဒုစရိုက်ပြုသူများကို ပြစ်ဒဏ်ပေး၍ လူကောင်းတို့ကို ဂုဏ်ပြုချီးမွမ်းရန် ရှင်ဘုရင်စေလွှတ်သောဘုရင်ခံများကိုဖြစ်စေ နာခံကြလော့။
15. အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုခြင်းအားဖြင့် မိုက်မဲသောသူတို့၏အသိဉာဏ်ကင်းမဲ့မှုကို တိတ်ဆိတ်စေခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်၏။
16. လွတ်လပ်သောသူများအဖြစ် အသက်ရှင်နေထိုင်ကြလော့။ သို့သော် ထိုလွတ်လပ်ခြင်းကို မကောင်းမှုပြုရန် ဆင်ခြေဆင်လက်အဖြစ် အသုံးမပြုဘဲ ဘုရားသခင်၏အစေအပါးအဖြစ် အသုံးပြုကြလော့။
17. လူအပေါင်းတို့ကို ရိုသေကြလော့။ ညီအစ်ကိုအချင်းချင်းချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
18. အစေခံတို့၊ ကြောက်ရွံ့ရိုသေသောစိတ်အပြည့်အဝဖြင့် သင်တို့၏သခင်များကိုနာခံကြလော့။ စိတ်သဘောကောင်း၍ ညင်သာသောသခင်များကိုသာမဟုတ်ဘဲ ကြမ်းတမ်းခက်ထန်သောသခင်များကိုလည်း နာခံကြလော့။
19. အကြောင်းမူကား မည်သူမဆို မတရားသဖြင့် ဒုက္ခဝေဒနာကိုခံစားရသောအခါ ဘုရားသခင်နှင့်ဆိုင်သောအသိစိတ်ကိုထောက်၍ ဝမ်းနည်းခြင်းကိုသည်းခံလျှင် ဂုဏ်ယူဖွယ်ဖြစ်၏။
20. သင်တို့သည် အပြစ်ပြု၍ ရိုက်နှက်ခြင်းခံရသည်ကိုသည်းခံလျှင် မည်သည့်ချီးမွမ်းစရာရှိမည်နည်း။ သို့သော် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရသည်ကိုသည်းခံလျှင် ဘုရားသခင်ရှေ့တော်၌ ဂုဏ်ယူဖွယ်ဖြစ်၏။
21. အမှန်စင်စစ် သင်တို့သည် ဤအတွက် ခေါ်ယူတော်မူခြင်းခံရ၏။ အကြောင်းမူကား ခရစ်တော်သည်လည်း သင်တို့ကို မိမိခြေရာတော်အတိုင်းလိုက်လျှောက်စေရန် သင်တို့ကိုယ်စား ဒုက္ခဝေဒနာခံစားရလျက် သင်တို့အတွက် စံနမူနာကိုထားပေးတော်မူ၏။