1. ယေရှုခရစ်တော်၏တမန်တော်ငါပေတရုသည် ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်နှင့် ဗိသုနိပြည်အရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသည့်အာဂန္တုများတည်းဟူသော
2. ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
3. ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်နှင့်အညီ ယေရှုခရစ်တော်၏သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့ကို အသက်ရှင်သောမျှော်လင့်ခြင်းထဲသို့လည်းကောင်း၊
4. သင်တို့အတွက် ကောင်းကင်ဘုံ၌ထိန်းသိမ်းထားသည့် ယိုယွင်းပျက်စီးခြင်း၊ ညစ်ညူးခြင်းနှင့် မှေးမှိန်ခြင်းတို့မရှိသော အမွေတော်ထဲသို့လည်းကောင်း အသစ်တစ်ဖန်မွေးဖွားစေတော်မူ၏။
5. သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။
6. သင်တို့သည် ယခုအချိန်တွင် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကြောင့် ခေတ္တခဏဝမ်းနည်းရလျှင်လည်း အထက်၌ဆိုခဲ့ပြီးသောအကြောင်းကြောင့် ရွှင်မြူးခြင်းရှိကြ၏။
7. ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သောသင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ ရောက်မည့်အကြောင်းတည်း။
8. သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။
9. ဤသည်ကား သင်တို့၏ယုံကြည်ခြင်းအကျိုးရလဒ်တည်းဟူသော စိတ်ဝိညာဉ်ကယ်တင်ခြင်းကို ရရှိကြသောကြောင့်ဖြစ်၏။
10. သင်တို့ခံစားရမည့်ကျေးဇူးတော်နှင့်ပတ်သက်၍ ဟောပြောခဲ့သည့်ပရောဖက်တို့သည် ထိုကယ်တင်ခြင်းအကြောင်းကို ရှာဖွေစူးစမ်းခဲ့ကြ၏။
11. သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည် ခရစ်တော်၏ဒုက္ခဝေဒနာများနှင့် ထိုဝေဒနာများနောက်တွင်ဖြစ်လာမည့် ဘုန်းအသရေတို့အကြောင်းကို ကြိုတင်သက်သေခံသောအခါ မည်သူ သို့မဟုတ် မည်သည့်အချိန်ကိုဆိုလိုကြောင်း သူတို့စူးစမ်းလေ့လာကြ၏။
12. ထိုအခါ သူတို့ပြုစုသောအရာတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အားဖွင့်ပြတော်မူ၏။ ယခု ထိုအရာတို့သည် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သောသတင်းကိုဟောပြောသောသူများမှတစ်ဆင့် သင်တို့ထံ ဖော်ပြခြင်းခံရပြီ။ ကောင်းကင်တမန်တို့ပင်လျှင် ထိုအရာတို့ကိုကြည့်ရှုရန် အလွန်အလိုရှိကြ၏။