3. သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။
4. အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။
5. ရှေးဟောင်းကမ္ဘာကိုလည်း ညှာတာတော်မမူဘဲ ထိုဘုရားတရားမဲ့သောကမ္ဘာကို ရေလွှမ်းမိုးစေတော်မူ၍ ဖြောင့်မတ်ခြင်းတရား၏သံတော်ဆင့်ဖြစ်သောနောဧအပါအဝင် လူရှစ်ဦးကို စောင့်ရှောက်တော်မူ၏။
6. ထို့ပြင် သောဒုံနှင့်ဂေါမောရမြို့တို့ကို ပြစ်ဒဏ်စီရင်လျက် ပြာပုံအဖြစ်သို့ ပျက်သုဉ်းစေကာ ဘုရားတရားမဲ့ဖြစ်လာမည့်သူတို့အတွက် နမူနာဖြစ်စေတော်မူ၏။
7. ထိုအခါ စောင့်စည်းမှုမရှိသောသူတို့၏ကာမဂုဏ်လိုက်စားသောအသက်ရှင်နေထိုင်မှုကြောင့် နှောင့်ယှက်ခြင်းခံရသည့် ဖြောင့်မတ်သောလောတကို ကယ်နုတ်တော်မူ၏။
8. အကြောင်းမူကား ထိုဖြောင့်မတ်သောသူသည် သူတို့ထဲ၌နေထိုင်ခဲ့စဉ် သူတို့၏တရားမဲ့သောအမှုများကို တွေ့မြင်ကြားသိနေရ၍ နေ့စဉ်ရက်ဆက် သူ၏ဖြောင့်မတ်သောစိတ်ဝိညာဉ်၌ အလွန်အနှောင့်အယှက်ဖြစ်လေ၏။
9. သို့ဖြစ်၍ ထာဝရဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့ရက်၌ အပြစ်ဒဏ်ခံစေရန်ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
10. အထူးသဖြင့် ညစ်ညူးသောတပ်မက်မှုအားဖြင့် သွေးသားဇာတိနောက်သို့လိုက်၍ အုပ်စိုးခြင်းကိုမထီမဲ့မြင်ပြုသောသူတို့ကို ထိုသို့ထိန်းသိမ်းထားတော်မူလိမ့်မည်။ ဤသူတို့သည် အတင့်ရဲသောသူ၊ ထင်ရာစိုင်းတတ်သောသူဖြစ်ကြ၍ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုန်းအသရေရှိသောသူတို့ကို စော်ကားပြောဆိုတတ်ကြ၏။
11. ကောင်းကင်တမန်တို့သည် သူတို့ထက်ကြီးမားသောအစွမ်းသတ္တိနှင့်တန်ခိုးရှိကြသော်လည်း ထာဝရဘုရားရှေ့တော်၌ သူတို့အပေါ် ရှုတ်ချပြစ်တင်သည့်စီရင်ခြင်းကို မပြုကြ။
12. သို့သော် သူတို့သည် ဖမ်းဆီးခြင်းနှင့်ဖျက်ဆီးခြင်းခံရရန်အတွက် ပေါက်ဖွားလာသည့် ဘာသာဘာဝဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ဖြစ်ကြပြီး မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုတတ်ကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များပျက်စီးသကဲ့သို့ ပျက်စီးသွား၍
13. မတရားမှု၏အဖိုးအခအဖြစ် မတရားသဖြင့်ပြုမူခြင်းကို ခံရကြလိမ့်မည်။ သူတို့သည် နေ့အချိန်၌ သောက်စားပျော်ပါးခြင်းကို ပျော်ရွှင်မှုဟုမှတ်ယူလျက် သင်တို့နှင့်အတူစားသောက်စဉ် မိမိတို့၏လှည့်ဖြားမှုထဲ၌ မွေ့လျော်ကြ၍ အစွန်းအထင်းနှင့်အပြစ်အနာအဆာများကဲ့သို့ဖြစ်ကြ၏။