7. ဘုရားဝတ်၌မွေ့လျော်ခြင်း၌ ညီအစ်ကိုချင်းချစ်သောမေတ္တာကိုလည်းကောင်း၊ ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း လုံ့လဝီရိယရှိသမျှဖြင့် ထပ်ဆင့်ဖြည့်စွက်ကြလော့။
8. အကြောင်းမူကား ဤပါရမီများသည် သင်တို့၌ရှိ၍ တိုးပွားနေသည်ဆိုလျှင် သင်တို့သည် ငါတို့၏သခင်ယေရှုခရစ်တော်ကိုသိခြင်းအရာ၌ အကျိုးမရှိသောသူ၊ အသီးမသီးသောသူ ဖြစ်ကြလိမ့်မည်မဟုတ်။
9. ထိုပါရမီများမရှိသောသူမူကား မျက်စိမမြင်သောသူ၊ အဝေးမှုန်သောသူဖြစ်ပြီး ယခင်ပြုခဲ့သောမိမိအပြစ်များ စင်ကြယ်စေခြင်းခံရသည်ကို မေ့လျော့နေ၏။
10. ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်ယူတော်မူခြင်းနှင့်ရွေးကောက်တော်မူခြင်းကို တည်မြဲစေရန် သာ၍ကြိုးစားကြလော့။ အကြောင်းမူကား ထိုသို့ပြုနေသရွေ့ သင်တို့သည် မည်သည့်အခါမျှ မှားယွင်းကြမည်မဟုတ်။
11. ထို့ပြင် ငါတို့၏သခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်တော်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားရသောအခွင့်ကို သင်တို့သည် ကြွယ်ဝစွာရရှိကြလိမ့်မည်။
12. ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကိုသိရှိကြ၍ သင်တို့တွင်ရှိသောသမ္မာတရား၌ ခိုင်ခံ့မြဲမြံကြပြီဖြစ်သော်လည်း ၎င်းတို့နှင့်ပတ်သက်၍ သင်တို့ကို အစဉ်သတိပေးနှိုဆော်ရန် ငါကြံရွယ်ထား၏။
13. ဤခန္ဓာတဲ၌ ငါရှိနေသမျှကာလပတ်လုံး ထိုသို့သတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့ကိုနိုးကြားတက်ကြွစေသင့်သည်ဟု ငါမှတ်ယူထား၏။
14. အဘယ်ကြောင့်ဆိုသော် ငါတို့သခင်ယေရှုခရစ်တော်သည်လည်း ငါ့အားဖော်ပြတော်မူသည့်အတိုင်း ငါ၏ခန္ဓာတဲကို မကြာမီချွတ်ပယ်ရမည်ဖြစ်ကြောင်း ငါသိ၏။
15. ဤလောကမှ ငါထွက်ခွာသွားပြီးနောက်တွင်လည်း ဤအကြောင်းအရာများကို သင်တို့အစဉ်အမြဲသတိရစေရန် ငါကြိုးစားမည်။
16. အကြောင်းမူကား ငါတို့သည် ငါတို့သခင်ယေရှုခရစ်တော်၏တန်ခိုးတော်နှင့် ကြွလာတော်မူခြင်းတို့ကို သင်တို့အားပြောပြသောအခါ ပါးနပ်စွာဖန်တီးထားသောဒဏ္ဍာရီများကို အသုံးပြုသည်မဟုတ်။ ငါတို့သည် ထိုအရှင်၏ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်မြင်တွေ့ရသူများဖြစ်ကြ၏။