12. ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကိုသိရှိကြ၍ သင်တို့တွင်ရှိသောသမ္မာတရား၌ ခိုင်ခံ့မြဲမြံကြပြီဖြစ်သော်လည်း ၎င်းတို့နှင့်ပတ်သက်၍ သင်တို့ကို အစဉ်သတိပေးနှိုဆော်ရန် ငါကြံရွယ်ထား၏။
13. ဤခန္ဓာတဲ၌ ငါရှိနေသမျှကာလပတ်လုံး ထိုသို့သတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့ကိုနိုးကြားတက်ကြွစေသင့်သည်ဟု ငါမှတ်ယူထား၏။
14. အဘယ်ကြောင့်ဆိုသော် ငါတို့သခင်ယေရှုခရစ်တော်သည်လည်း ငါ့အားဖော်ပြတော်မူသည့်အတိုင်း ငါ၏ခန္ဓာတဲကို မကြာမီချွတ်ပယ်ရမည်ဖြစ်ကြောင်း ငါသိ၏။
15. ဤလောကမှ ငါထွက်ခွာသွားပြီးနောက်တွင်လည်း ဤအကြောင်းအရာများကို သင်တို့အစဉ်အမြဲသတိရစေရန် ငါကြိုးစားမည်။
16. အကြောင်းမူကား ငါတို့သည် ငါတို့သခင်ယေရှုခရစ်တော်၏တန်ခိုးတော်နှင့် ကြွလာတော်မူခြင်းတို့ကို သင်တို့အားပြောပြသောအခါ ပါးနပ်စွာဖန်တီးထားသောဒဏ္ဍာရီများကို အသုံးပြုသည်မဟုတ်။ ငါတို့သည် ထိုအရှင်၏ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်မြင်တွေ့ရသူများဖြစ်ကြ၏။
17. အကြောင်းမူကား ခမည်းတော်ဘုရားသခင်ထံမှ ဂုဏ်တော်နှင့်ဘုန်းတော်ကို ကိုယ်တော်ခံယူတော်မူစဉ် ကြီးမြတ်သောဘုန်းအသရေထဲမှ “ဤသူကား ငါချစ်သော ငါ့သားပေတည်း။ သူ့ကို ငါနှစ်သက်၏”ဟူသောအသံတော်သည် ကိုယ်တော်ထံသို့ရောက်ရှိလာ၏။
18. ငါတို့သည် သန့်ရှင်းသောတောင်ပေါ်တွင် ကိုယ်တော်နှင့်အတူရှိကြစဉ် ကောင်းကင်မှရောက်လာသော ထိုအသံတော်ကိုကြားရကြ၏။
19. ထို့ပြင် ငါတို့၌ ပို၍ခိုင်လုံသော ပရောဖက်တို့၏စကားလည်းရှိ၏။ သင်တို့၏စိတ်နှလုံးထဲ၌ အရုဏ်တက်၍ မိုးသောက်ကြယ်ပေါ်ထွက်လာသည့်တိုင်အောင် သင်တို့သည် ထိုစကားကို မှောင်သောအရပ်၌ထွန်းလင်းနေသည့်ဆီမီးသဖွယ် ကောင်းစွာအာရုံစိုက်သင့်၏။
20. ကျမ်းစာ၌ပါသော ပရောဖက်ပြုဟောပြောချက်အားလုံးသည် လူတစ်ဦးတစ်ယောက်၏ကိုယ်ပိုင်အနက်ဖွင့်ဆိုချက်မဟုတ်ကြောင်း ဦးစွာသိမှတ်ရမည်။
21. အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။