1. ယေရှုခရစ်တော်၏အစေအပါးနှင့်တမန်တော်ဖြစ်သောငါရှိမုန်ပေတရုသည် ငါတို့ဘုရားသခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ငါတို့နည်းတူ အဖိုးထိုက်သည့်ယုံကြည်ခြင်းကို ခံယူရရှိသောသူတို့ထံသို့ စာရေးလိုက်ပါ၏။
2. ဘုရားသခင်နှင့်ငါတို့၏သခင်ယေရှုကို သိခြင်းအားဖြင့် ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
3. ငါတို့ကို မိမိ၏ဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းထဲသို့ ခေါ်ယူတော်မူသောအရှင်ကို ငါတို့သိခြင်းအားဖြင့် ကိုယ်တော်၌ရှိသောဘုရားတန်ခိုးတော်သည် အသက်ရှင်ခြင်းနှင့်တကွ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့နှင့်ဆိုင်သော အရာခပ်သိမ်းတို့ကို ငါတို့အားပေးသနားတော်မူပြီ။
4. ကိုယ်တော်သည် ထိုဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းတို့အားဖြင့် ကြီးမြတ်၍ အဖိုးတန်သောကတိတော်များကို ငါတို့အား ပေးသနားတော်မူ၏။ ဤသည်ကား ထိုကတိတော်အားဖြင့် သင်တို့သည် ဤကမ္ဘာလောက၌ရှိသည့်တပ်မက်ခြင်းကြောင့် ဖြစ်ပေါ်လာသောပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဇာတိအဖြစ်တော်ကိုမျှဝေခံစားသူများဖြစ်လာကြမည့်အကြောင်းတည်း။
5. ဤအကြောင်းကြောင့် သင်တို့၏ယုံကြည်ခြင်း၌ ကောင်းမြတ်ခြင်းကိုလည်းကောင်း၊ ကောင်းမြတ်ခြင်း၌ အသိပညာကိုလည်းကောင်း၊
6. အသိပညာ၌ မိမိကိုယ်ကိုချုပ်တည်းခြင်းကိုလည်းကောင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း၌ သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားဝတ်၌မွေ့လျော်ခြင်းကိုလည်းကောင်း၊
7. ဘုရားဝတ်၌မွေ့လျော်ခြင်း၌ ညီအစ်ကိုချင်းချစ်သောမေတ္တာကိုလည်းကောင်း၊ ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း လုံ့လဝီရိယရှိသမျှဖြင့် ထပ်ဆင့်ဖြည့်စွက်ကြလော့။
8. အကြောင်းမူကား ဤပါရမီများသည် သင်တို့၌ရှိ၍ တိုးပွားနေသည်ဆိုလျှင် သင်တို့သည် ငါတို့၏သခင်ယေရှုခရစ်တော်ကိုသိခြင်းအရာ၌ အကျိုးမရှိသောသူ၊ အသီးမသီးသောသူ ဖြစ်ကြလိမ့်မည်မဟုတ်။
9. ထိုပါရမီများမရှိသောသူမူကား မျက်စိမမြင်သောသူ၊ အဝေးမှုန်သောသူဖြစ်ပြီး ယခင်ပြုခဲ့သောမိမိအပြစ်များ စင်ကြယ်စေခြင်းခံရသည်ကို မေ့လျော့နေ၏။
10. ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်ယူတော်မူခြင်းနှင့်ရွေးကောက်တော်မူခြင်းကို တည်မြဲစေရန် သာ၍ကြိုးစားကြလော့။ အကြောင်းမူကား ထိုသို့ပြုနေသရွေ့ သင်တို့သည် မည်သည့်အခါမျှ မှားယွင်းကြမည်မဟုတ်။
11. ထို့ပြင် ငါတို့၏သခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်တော်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားရသောအခွင့်ကို သင်တို့သည် ကြွယ်ဝစွာရရှိကြလိမ့်မည်။
12. ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကိုသိရှိကြ၍ သင်တို့တွင်ရှိသောသမ္မာတရား၌ ခိုင်ခံ့မြဲမြံကြပြီဖြစ်သော်လည်း ၎င်းတို့နှင့်ပတ်သက်၍ သင်တို့ကို အစဉ်သတိပေးနှိုဆော်ရန် ငါကြံရွယ်ထား၏။
13. ဤခန္ဓာတဲ၌ ငါရှိနေသမျှကာလပတ်လုံး ထိုသို့သတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့ကိုနိုးကြားတက်ကြွစေသင့်သည်ဟု ငါမှတ်ယူထား၏။