ရော​မ​ဩ​ဝါ​ဒ​စာ 8:27-39 Myanmar Standard Bible (MSB)

27. စိတ်​နှ​လုံး​တို့​ကို​စူး​စမ်း​တော်​မူ​သော​အ​ရှင်​သည်​လည်း ဝိ​ညာဉ်​တော်​၏​စိတ်​သ​ဘော​ကို သိ​တော်​မူ​၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ သန့်​ရှင်း​သူ​များ​အ​တွက် အ​သ​နား​ခံ​ပေး​တော်​မူ​၏။

28. ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ​များ​တည်း​ဟူ​သော အ​ကြံ​အ​စည်​တော်​အ​တိုင်း ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​များ​အ​တွက် ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို ပူး​ပေါင်း​လုပ်​ဆောင်​စေ​၍ ကောင်း​ကျိုး​ဖြစ်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

29. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် သိ​ထား​နှင့်​တော်​မူ​သော​သူ​တို့​ကို မိ​မိ​သား​တော်​၏​ပုံ​သဏ္ဌာန်​နှင့်​တူ​ညီ​စေ​ရန် ကြို​တင်​သတ်​မှတ်​ထား​တော်​မူ​၏။ ဤ​သည်​ကား သား​တော်​သည် များ​စွာ​သော​ညီ​အစ်​ကို​တို့​တွင် သား​ဦး​ဖြစ်​မည့်​အ​ကြောင်း​တည်း။

30. ထို​သို့​ကြို​တင်​သတ်​မှတ်​ထား​တော်​မူ​သော​သူ​တို့​ကို ဘု​ရား​သ​ခင်​သည် ခေါ်​ယူ​တော်​မူ​ပြီး ခေါ်​ယူ​တော်​မူ​သော​သူ​တို့​ကို ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​၍ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ​၏။

31. သို့​ဖြစ်​လျှင် ဤ​အ​ရာ​များ​ကို​ထောက်​၍ မည်​သို့​ဆို​ရ​မည်​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်​၌​ရှိ​တော်​မူ​လျှင် မည်​သူ​သည် ငါ​တို့​ကို ဆန့်​ကျင်​နိုင်​မည်​နည်း။

32. မိ​မိ​သား​တော်​ရင်း​ကို​ပင် ချန်​လှပ်​မ​ထား​ဘဲ ငါ​တို့​အား​လုံး​အ​တွက် စွန့်​တော်​မူ​သော​အ​ရှင်​သည် သား​တော်​နှင့်​တ​ကွ အ​ရာ​ခပ်​သိမ်း​တို့​ကို​လည်း ငါ​တို့​အား​မ​ပေး​ဘဲ​နေ​တော်​မူ​မည်​လော။

33. မည်​သူ​သည် ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​တို့​ကို ပြစ်​တင်​စွဲ​ဆို​မည်​နည်း။ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

34. မည်​သူ​သည် ပြစ်​ဒဏ်​စီ​ရင်​မည်​နည်း။ အ​သေ​ခံ​တော်​မူ​သည်​သာ​မ​က ထ​မြောက်​တော်​မူ​သော ခ​ရစ်​တော်​ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌​နေ​၍ ငါ​တို့​အ​တွက် အ​သ​နား​ခံ​ပေး​တော်​မူ​၏။

35. မည်​သူ​သည် ငါ​တို့​ကို ခ​ရစ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ကွဲ​ကွာ​စေ​မည်​နည်း။ ဆင်း​ရဲ​ဒုက္ခ၊ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ၊ ညှဉ်း​ဆဲ​ခြင်း၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဘေး​အန္တ​ရာယ်​နှင့် ဓား​ဘေး​စ​သည်​တို့​လော။

36. “အ​ကျွန်ုပ်​တို့​သည် တစ်​နေ့​လုံး ကိုယ်​တော်​အ​တွက် သေ​ခြင်း​နှင့်​ရင်​ဆိုင်​နေ​ရ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့ မှတ်​ယူ​ခြင်း​ခံ​ရ​ကြ​ပါ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

37. သို့​သော် ငါ​တို့​သည် ငါ​တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို​ခံ​ရ​စဉ်​၌​ပင် လုံး​လုံး​လျား​လျား​အောင်​မြင်​လျက်​ရှိ​ကြ​၏။

38. အ​ကြောင်း​မူ​ကား သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​များ​ဖြစ်​စေ၊ အုပ်​ချုပ်​သူ​များ​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​များ​ဖြစ်​စေ၊ နောင်​လာ​မည့်​အ​ရာ​များ​ဖြစ်​စေ၊ တန်​ခိုး​များ​ဖြစ်​စေ၊

39. အ​ထက်​အ​ရာ​ဖြစ်​စေ၊ အောက်​အ​ရာ​ဖြစ်​စေ၊ ဖန်​ဆင်း​တော်​မူ​သော​အ​ခြား​မည်​သည့်​အ​ရာ​ပင်​ဖြစ်​စေ ငါ​တို့​၏​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွဲ​ကွာ​စေ​နိုင်​ဟု ငါ​သည် ယုံ​ကြည်​စိတ်​ချ​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 8