17. သို့ဖြစ်လျှင် ထိုအရာကိုပြုသောသူမှာ ငါမဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသော အပြစ်ပင်ဖြစ်၏။
18. ငါ့အထဲ၌ တစ်နည်းအားဖြင့် ငါ၏သွေးသားဇာတိထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ ကိန်းအောင်းနေခြင်းမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုလိုသောဆန္ဒသည် ငါ၌ရှိသော်လည်း ၎င်းကို ပြုနိုင်စွမ်းမရှိ။
19. အကြောင်းမူကား ငါသည် ကိုယ်ပြုလိုသည့် ကောင်းသောအမှုကိုမပြုဘဲ မပြုလိုသည့် မကောင်းသောအမှုကို ပြုနေ၏။
20. သို့သော် ကိုယ်မပြုလိုသောအရာကို ငါပြုနေသည်ဆိုလျှင် ၎င်းကို ငါကိုယ်တိုင်ပြုသည်မဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသောအပြစ်က ပြုခြင်းဖြစ်၏။
21. သို့ဖြစ်၍ ကောင်းသောအမှုကိုပြုလိုသောငါ၌ မကောင်းသောအမှုရှိနေသည်ဟူသောသဘောတရားကို ငါတွေ့၏။
22. တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း
23. ငါ၏ကိုယ်အင်္ဂါများ၌ အခြားသောတရားရှိ၍ ၎င်းတို့သည် ငါ့စိတ်နှလုံး၏တရားနှင့် တိုက်ခိုက်လျက်နေသဖြင့် ငါ၏ကိုယ်အင်္ဂါများ၌ရှိသည့် အပြစ်နှင့်ဆိုင်သောတရားအားဖြင့် ငါ့ကိုဖမ်းဆီးချုပ်နှောင်ထားသည်ကို ငါမြင်၏။
24. ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။
25. သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကို အစေခံလျက်ရှိ၏။