1. သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ကျေးဇူးတော်များပြားစေရန် ငါတို့သည် အပြစ်ထဲ၌ဆက်၍တည်ရမည်လော။
2. လုံးဝမတည်ရ။ အပြစ်အရာ၌ သေဆုံးသောငါတို့သည် ၎င်းတွင် မည်သို့အသက်ရှင်နိုင်ဦးမည်နည်း။
3. သို့မဟုတ် ခရစ်တော်ယေရှု၌ ဗတ္တိဇံခံခဲ့သောငါတို့သည် ကိုယ်တော်၏အသေခံတော်မူခြင်း၌ ဗတ္တိဇံခံခဲ့ကြောင်း သင်တို့မသိကြသလော။
4. ထိုသို့ ငါတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံခံသောအားဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ ဤသည်ကား ခရစ်တော်သည် ခမည်းတော်၏ဘုန်းအသရေတော်အားဖြင့် သေသောသူတို့ထဲမှ ထမြောက်တော်မူသည်နည်းတူ ငါတို့သည်လည်း အသက်တာသစ်၌ အသက်ရှင်လျှောက်လှမ်းကြရန်ဖြစ်၏။
5. အကြောင်းမူကား ငါတို့သည် ခရစ်တော်၏အသေခံတော်မူခြင်းနှင့်တူညီသောသဏ္ဌာန်၌ ကိုယ်တော်နှင့်အတူပေါင်းစည်းကြသည်ဆိုလျှင် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသဏ္ဌာန်ကိုလည်း ဧကန်အမှန်ဆောင်ကြလိမ့်မည်။
6. ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။
7. အဘယ်ကြောင့်ဆိုသော် သေလွန်သောသူသည် အပြစ်၏လက်မှ လွတ်မြောက်ပြီဖြစ်၏။
8. ငါတို့သည် ခရစ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူအသက်ရှင်မည်ဟူ၍လည်း ယုံကြည်ကြ၏။
9. သေသောသူတို့ထဲမှ ထမြောက်တော်မူသောခရစ်တော်သည် နောက်တစ်ဖန်သေတော့မည်မဟုတ်ကြောင်း ငါတို့သိကြ၏။ သေခြင်းသည် ကိုယ်တော်ကို အစိုးတရပြုတော့မည်မဟုတ်။
10. အကြောင်းမူကား ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်အရာ၌ တစ်ကြိမ်တည်းနှင့်အပြီးအသေခံတော်မူသည်ဖြစ်၍ ယခုအသက်ရှင်တော်မူသည်မှာ ဘုရားသခင်၌ အသက်ရှင်တော်မူ၏။
11. ထိုနည်းတူ သင်တို့သည်လည်း အပြစ်အရာ၌ သေသောသူဖြစ်ပြီး ဘုရားသခင်၌ ခရစ်တော်ယေရှုအားဖြင့် အသက်ရှင်နေသည်ဟု ကိုယ့်ကိုယ်ကိုယ်မှတ်ယူကြလော့။
12. ထို့ကြောင့် ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့လိုက်ရန် သင်တို့၏သေတတ်သောကိုယ်ခန္ဓာကို အပြစ်အား မစိုးမိုးစေကြနှင့်။