10. အကြောင်းမူကား ရန်သူဖြစ်လျက်ပင် သားတော်၏အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိခဲ့လျှင် ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိပြီးသောငါတို့သည် သားတော်၏အသက်တော်အားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
11. ထိုမျှမက ယခု ငါတို့အား ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိစေသော ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ငါတို့သည် ဘုရားသခင်၌ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြ၏။
12. ထို့ကြောင့် တစ်ယောက်သောသူအားဖြင့် အပြစ်တရားသည် ဤလောကထဲသို့ဝင်လာ၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ပြုသဖြင့် လူသားအားလုံးအပေါ်၌ သေခြင်းတရားသက်ရောက်ခဲ့၏။
13. တစ်နည်းကား ပညတ်တရားကိုမပေးမီကပင် အပြစ်သည် ဤလောက၌ရှိ၏။ သို့သော် ပညတ်တရားမရှိလျှင် အပြစ်ကို အပြစ်ဟု မှတ်ယူ၍မရ။
14. မည်သို့ပင်ဖြစ်စေ အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အာဒံ၏ဖောက်ဖျက်ကျူးလွန်မှုနှင့်တူညီသောအပြစ်မျိုးကို မပြုသောသူတို့ကိုပင် စိုးမိုးခဲ့၏။ အာဒံသည် ကြွလာရန်ရှိသောသူ၏ပုံပမာဖြစ်၏။
15. သို့ရာတွင် ဆုကျေးဇူးသည် ကျူးလွန်သောအပြစ်ကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် များစွာသောသူတို့သည် သေခဲ့လျှင် ဘုရားသခင်၏ကျေးဇူးတော်နှင့် ယေရှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ကျေးဇူးတော်အားဖြင့် သက်ရောက်သောကောင်းချီးလက်ဆောင်သည် များစွာသောလူတို့၌ ပို၍ပင် ကြွယ်ဝပြည့်စုံမည်ဖြစ်၏။
16. ထို့ပြင် ဆုကျေးဇူးသည် တစ်ယောက်သောသူက အပြစ်ပြုသောကြောင့် ဖြစ်လာသည့်အရာကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား ကျူးလွန်သောအပြစ်တစ်ခုကြောင့်ဖြစ်လာသည့် တရားစီရင်ခြင်းသည် ပြစ်ဒဏ်စီရင်ခြင်းသို့ရောက်စေ၏။ သို့သော် ကျူးလွန်သောအပြစ်များစွာကြောင့်ဖြစ်လာသည့် ဆုကျေးဇူးမူကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းသို့ရောက်စေ၏။
17. အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် သေခြင်းသည် ထိုသူတစ်ယောက်အားဖြင့် စိုးမိုးခဲ့လျှင် ကျေးဇူးတော်နှင့်ဖြောင့်မတ်ခြင်း၏ကောင်းချီးလက်ဆောင်ကို ကြွယ်ဝစွာခံစားရသောသူတို့သည် တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်တော်အားဖြင့် အသက်ရှင်ခြင်း၌ ပို၍ပင် စိုးမိုးကြရလိမ့်မည်။
18. သို့ဖြစ်၍ ကျူးလွန်သောအပြစ်တစ်ခုကြောင့် ပြစ်ဒဏ်စီရင်ခြင်းသည် လူအပေါင်းတို့ထံသို့ ရောက်လာသကဲ့သို့ ဖြောင့်မတ်သောအကျင့်တစ်ခုကြောင့် အသက်နှင့်ဆိုင်သောဖြောင့်မတ်ခြင်းသည် လူအပေါင်းတို့ထံသို့ ရောက်လာ၏။
19. တစ်နည်းဆိုသော် လူတစ်ယောက်၏မနာခံမှုကြောင့် များစွာသောလူတို့သည် အပြစ်သားအဖြစ် သတ်မှတ်ခြင်းခံရကြသည့်နည်းတူ တစ်ယောက်သောသူ၏နာခံမှုကြောင့် များစွာသောလူတို့သည် ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခြင်းခံရကြလိမ့်မည်။
20. ပညတ်တရားမူကား ကျူးလွန်သောအပြစ်ကို များပြားစေရန်ဝင်ရောက်ခဲ့၏။ သို့သော် အပြစ်များပြားလာသည့်နေရာ၌ ကျေးဇူးတော်သည် ပို၍ပြည့်စုံကြွယ်ဝလေ၏။