ရော​မ​ဩ​ဝါ​ဒ​စာ 4:7-24 Myanmar Standard Bible (MSB)

7. “မိ​မိ​ပြု​သည့်​တ​ရား​မဲ့​သော​အ​မှု​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​၍ မိ​မိ​အ​ပြစ်​များ​ဖုံး​အုပ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

8. ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​မ​ယူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု ဆို​၏။

9. သို့​ဖြစ်​လျှင် ဤ​မင်္ဂ​လာ​သည် အ​ရေ​ဖျား​လှီး​ထား​သော​သူ​အ​တွက်​သာ ဖြစ်​သ​လော။ သို့​မ​ဟုတ် အ​ရေ​ဖျား​မ​လှီး​သော​သူ​အ​တွက်​လည်း ဖြစ်​သ​လော။ “အာ​ဗြ​ဟံ​အ​တွက် သူ​၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏”​ဟု ငါ​တို့​ဆို​ကြ​သော​အ​ခါ

10. မည်​သည့်​အ​ခြေ​အ​နေ​၌ ထို​သို့​သတ်​မှတ်​တော်​မူ​သ​နည်း။ အ​ရေ​ဖျား​လှီး​ထား​သည့်​အ​ခြေ​အ​နေ​၌​လော။ သို့​မ​ဟုတ် အ​ရေ​ဖျား​မ​လှီး​ထား​သည့်​အ​ခြေ​အ​နေ​၌​လော။ အ​ရေ​ဖျား​လှီး​ထား​သည့်​အ​ခြေ​အ​နေ​၌​မ​ဟုတ်​ဘဲ အ​ရေ​ဖျား​မ​လှီး​ထား​သည့်​အ​ခြေ​အ​နေ​၌ ထို​သို့​သတ်​မှတ်​တော်​မူ​၏။

11. ဤ​သို့​ဖြင့် အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​မ​လှီး​မီ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရ​ရှိ​သော ဖြောင့်​မတ်​ခြင်း​၏​တံ​ဆိပ်​အ​ဖြစ် အ​ရေ​ဖျား​လှီး​ခြင်း​၏​အ​မှတ်​လက္ခ​ဏာ​ကို​ခံ​ယူ​၏။ ဤ​သည်​ကား အာ​ဗြ​ဟံ​အား အ​ရေ​ဖျား​မ​လှီး​ဘဲ​ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​စေ​ရန်​နှင့် ထို​သူ​တို့​သည်​လည်း ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​ကြ​စေ​ရန်​အ​တွက်​ဖြစ်​၏။

12. ထို့​ပြင် အာ​ဗြ​ဟံ​အား အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​၏​အ​ဖ​ဖြစ်​စေ​ရန်​နှင့် အ​ရေ​ဖျား​လှီး​ထား​သော​သူ​သာ​မ​က​ဘဲ အ​ရေ​ဖျား​မ​လှီး​မီ​က​ပင် ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​၌​ရှိ​သော ယုံ​ကြည်​ခြင်း​ခြေ​ရာ​ကို လိုက်​လျှောက်​သော​သူ​တို့​၏​အ​ဖ​လည်း ဖြစ်​စေ​ရန်​အ​တွက်​ဖြစ်​၏။

13. ကမ္ဘာ​လော​က​ကို​အ​မွေ​ဆက်​ခံ​သူ​ဖြစ်​မည်​ဟု အာ​ဗြ​ဟံ သို့​မ​ဟုတ် သူ​၏​အ​မျိုး​အ​နွယ်​အား ပေး​တော်​မူ​သော​က​တိ​တော်​သည် ပ​ညတ်​တ​ရား​ကို​ထောက်​၍ ပေး​တော်​မူ​သည်​မ​ဟုတ်​ဘဲ ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​ဖြောင့်​မတ်​ခြင်း​ကို​ထောက်​၍ ပေး​တော်​မူ​၏။

14. အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​သူ​တို့​သည် အ​မွေ​ခံ​များ​ဖြစ်​ကြ​လျှင် ယုံ​ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​သွား​၍ က​တိ​တော်​သည်​လည်း ပျက်​ပြယ်​သွား​လေ​ပြီ။

15. ပ​ညတ်​တ​ရား​သည် အ​မျက်​တော်​ကို​ဖြစ်​ပေါ်​စေ​၏။ သို့​သော် ပ​ညတ်​တ​ရား​မ​ရှိ​သော​နေ​ရာ​၌ ဖောက်​ဖျက်​ကျူး​လွန်​မှု​လည်း​မ​ရှိ။

16. ထို့​ကြောင့် က​တိ​တော်​သည် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​၏။ ဤ​သည်​ကား ထို​က​တိ​တော်​ကို ကျေး​ဇူး​တော်​အား​ဖြင့်​ဖြစ်​စေ​၍ ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​မျိုး​အ​နွယ်​အ​တွက်​သာ​မ​က​ဘဲ အာ​ဗြ​ဟံ​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သည့်​အ​မျိုး​အ​နွယ်​အ​ပါ​အ​ဝင် အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​အ​တွက် တည်​မြဲ​စေ​ရန်​ဖြစ်​၏။

17. “ငါ​သည် သင့်​ကို များ​စွာ​သော​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​စေ​ပြီ”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း အာ​ဗြ​ဟံ​သည် မိ​မိ​ယုံ​ကြည်​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သေ​လွန်​သော​သူ​တို့​ကို​အ​သက်​ရှင်​စေ​၍ ဖြစ်​တည်​ခြင်း​မ​ရှိ​သည့်​အ​ရာ​များ​ကို​ဖြစ်​ပေါ်​လာ​စေ​ရန် အ​မိန့်​ပေး​နိုင်​သော​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ငါ​တို့​အား​လုံး​၏​ဖ​ခင်​ဖြစ်​၏။

18. သူ​သည် မျှော်​လင့်​စ​ရာ​မ​ရှိ​သော​အ​ခြေ​အ​နေ​၌ မျှော်​လင့်​၍​ယုံ​ကြည်​သ​ဖြင့် “သင်​၏​အ​မျိုး​အ​နွယ်​သည် ဤ​သို့​ဖြစ်​လိမ့်​မည်”​ဟု မိန့်​မှာ​ခြင်း​ခံ​ခဲ့​ရ​သည့်​အ​တိုင်း များ​စွာ​သော​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​လာ​၏။

19. သူ​သည် အ​သက်​တစ်​ရာ​ခန့်​ရှိ​၍ မိ​မိ​ကိုယ်​ခန္ဓာ​သည် သေ​သူ​ကဲ့​သို့​ဖြစ်​နေ​ကြောင်း​ကို​လည်း​ကောင်း၊ စာ​ရာ​၏​ဝမ်း​သည် သေ​နေ​ကြောင်း​ကို​လည်း​ကောင်း ဆင်​ခြင်​အောက်​မေ့​သော်​လည်း ယုံ​ကြည်​ခြင်း​၌ အား​နည်း​ခြင်း​မ​ရှိ။

20. ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ပေါ်​၌ ယုံ​မှား​သံ​သ​ယ​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​အား​ကြီး​လျက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကာ

21. ဘု​ရား​သ​ခင်​သည် က​တိ​ပေး​တော်​မူ​သော​အ​ရာ​ကို ဆောင်​ရွက်​နိုင်​စွမ်း​လည်း​ရှိ​သည်​ဟု အ​ပြည့်​အ​ဝ​ယုံ​ကြည်​လေ​၏။

22. ထို့​ကြောင့် ဤ​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏။

23. သို့​သော် “သူ့​ကို​သတ်​မှတ်​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​မှာ အာ​ဗြ​ဟံ​တစ်​ဦး​တည်း​အ​တွက်​သာ​မ​ဟုတ်​ဘဲ

24. ငါ​တို့​အ​တွက်​ပါ ရေး​ထား​ခြင်း​ဖြစ်​၏။ တစ်​နည်း​ဆို​သော် ငါ​တို့​၏​သ​ခင်​ယေ​ရှု​အား သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​ကို ယုံ​ကြည်​သည့် ငါ​တို့​ကို​လည်း ဖြောင့်​မတ်​သည်​ဟု သတ်​မှတ်​တော်​မူ​လိမ့်​မည်။

ရော​မ​ဩ​ဝါ​ဒ​စာ 4