20. သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။
21. သို့ရာတွင် ယခုအခါ၌ ပညတ်တရားနှင့်ပရောဖက်များသက်သေခံသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပညတ်တရားမပါဘဲ ထင်ရှားလေပြီ။
22. ၎င်းမှာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့အပေါ်သက်ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်၏။ ဤတွင် မည်သည့်ခြားနားမှုမျှမရှိ။
23. အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြု၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့် အလှမ်းဝေးကြပြီ။
24. သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခရစ်တော်ယေရှု၏ရွေးနုတ်ခြင်းအားဖြင့် အဖိုးအခမပေးရဘဲ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
25. ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကိုထင်ရှားစေရန် ခရစ်တော်ကိုခန့်ထား၍ ယုံကြည်ခြင်းအတွက် ခရစ်တော်၏သွေးတော်ကို အသနားခံခြင်းပူဇော်သက္ကာဖြစ်စေတော်မူ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သည်းခံတော်မူခြင်းအားဖြင့် လွန်ခဲ့ပြီးသောအပြစ်များအတွက် အပြစ်မယူဘဲနေတော်မူ၏။
26. ဤသည်ကား ယခုအချိန်အခါ၌ မိမိ၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြောင့်မတ်သောအရှင်ဖြစ်တော်မူပြီး ယေရှုကိုယုံကြည်သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူရန်ဖြစ်၏။
27. သို့ဖြစ်လျှင် ဝါကြွားစရာအဘယ်မှာရှိသနည်း။ ၎င်းသည် ဖယ်ရှားခြင်းခံရလေပြီ။ မည်သည့်တရားအားဖြင့် ဖယ်ရှားသနည်း။ အကျင့်တရားအားဖြင့်လော။ မဟုတ်ပေ။ ယုံကြည်ခြင်းတရားအားဖြင့် ဖယ်ရှား၏။
28. အကြောင်းမူကား လူသည် ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၏ဟု ငါတို့မှတ်ယူကြ၏။
29. သို့မဟုတ် ဘုရားသခင်သည် ဂျူးလူမျိုးတို့၏ဘုရားသာ ဖြစ်တော်မူသလော။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူ၏။
30. ယုံကြည်ခြင်းအားဖြင့် အရေဖျားလှီးထားသောသူကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ အရေဖျားမလှီးသောသူကိုလည်း ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောဘုရားသခင်သည် အမှန်ပင် တစ်ဆူတည်းဖြစ်တော်မူ၏။