13. သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်ကြ၏။ သူတို့သည် မိမိတို့လျှာဖြင့် လိမ်လည်ပြောဆိုတတ်ကြ၏။ သူတို့၏နှုတ်ခမ်းအောက်၌ မြွေဆိုး၏အဆိပ်အတောက်ရှိ၏။
14. သူတို့၏နှုတ်သည် ကျိန်ဆဲသောစကား၊ ခါးသီးသောစကားတို့ဖြင့် ပြည့်ဝလျက်ရှိကြ၏။
15. သူတို့၏ခြေသည် သွေးမြေကျစေရန် လျင်မြန်ကြ၏။
16. သူတို့သွားရာလမ်း၌ ပျက်စီးခြင်းနှင့်ဒုက္ခဆင်းရဲခြင်းရှိ၍
17. သူတို့သည် ငြိမ်းချမ်းရာလမ်းကိုမသိကြ။
18. သူတို့၏မျက်စိရှေ့တွင် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမရှိ”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
19. ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။
20. သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။
21. သို့ရာတွင် ယခုအခါ၌ ပညတ်တရားနှင့်ပရောဖက်များသက်သေခံသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပညတ်တရားမပါဘဲ ထင်ရှားလေပြီ။
22. ၎င်းမှာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့အပေါ်သက်ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်၏။ ဤတွင် မည်သည့်ခြားနားမှုမျှမရှိ။
23. အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြု၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့် အလှမ်းဝေးကြပြီ။
24. သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခရစ်တော်ယေရှု၏ရွေးနုတ်ခြင်းအားဖြင့် အဖိုးအခမပေးရဘဲ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
25. ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကိုထင်ရှားစေရန် ခရစ်တော်ကိုခန့်ထား၍ ယုံကြည်ခြင်းအတွက် ခရစ်တော်၏သွေးတော်ကို အသနားခံခြင်းပူဇော်သက္ကာဖြစ်စေတော်မူ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သည်းခံတော်မူခြင်းအားဖြင့် လွန်ခဲ့ပြီးသောအပြစ်များအတွက် အပြစ်မယူဘဲနေတော်မူ၏။
26. ဤသည်ကား ယခုအချိန်အခါ၌ မိမိ၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြောင့်မတ်သောအရှင်ဖြစ်တော်မူပြီး ယေရှုကိုယုံကြည်သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူရန်ဖြစ်၏။