1. ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။
2. ထိုသို့သောအမှုများကို ပြုကျင့်သောသူတို့အပေါ်၌ ဘုရားသခင်၏တရားစီရင်ခြင်းသည် သမ္မာတရားနှင့်အညီသက်ရောက်သည်ကို ငါတို့သိကြ၏။
3. သို့ဖြစ်၍ ထိုသို့သောအမှုများကိုပြုကျင့်သောသူတို့အား စီရင်လျက်နှင့် ထိုအမှုတို့ကို ကိုယ်တိုင်ပြုသောအချင်းလူ၊ သင်သည် ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မည်ဟု ထင်မှတ်သလော။
4. သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
5. သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
6. ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
7. ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်းတော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
8. တစ်ကိုယ်ကောင်းဆန်၍ သမ္မာတရားကိုမနာခံဘဲ မတရားမှုနောက်သို့လိုက်သောသူတို့အပေါ်၌မူကား ပြင်းစွာသောဒေါသနှင့်အမျက်တော်ကို သက်ရောက်စေတော်မူလိမ့်မည်။